၂၂.၁၀.၂၀၂၅
Translated by Htwe Ko Tun
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်လည်း တက်ရောက်မယ့် တောင်ကိုရီးယားနိုင်ငံမှာကျင်းပမှာဖြစ်တဲ့ အပြည်ပြည်ဆိုင်ရာထိပ်သီးဆွေးနွေးပွဲတစ်ခုဖြစ်တဲ့ အာရှ-ပစိဖိတ် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု ထိပ်သီးဆွေးနွေးပွဲ(အေပက်ထိပ်သီးဆွေးနွေးပွဲ) မတိုင်ခင် တစ်ပတ်ကျော်အလို အောက်တိုဘာလ ၂၂ ရက်မှာပဲ မြောက်ကိုရီးယားနိုင်ငံက တိုက်ချင်းပစ်ဒုံးပျံတွေ ပစ်လွှတ်စမ်းသပ်ခဲ့တယ်လို့ တောင်ကိုရီးယားအစိုးရက ပြောကြားခဲ့ပါတယ်။
ဒီပစ်လွှတ်စမ်းသပ်မှုတွေက ကိုရီးယားနှစ်နိုင်ငံအကြား ဆက်ဆံရေး ပိုမိုနွေးထွေးလာဖို့လိုလားတဲ့ ဗဟိုလက်ဝဲယိမ်းဝါဒီလီဂျေမြွန် ဇွန်လအတွင်းက သမ္မတဖြစ်လာခဲ့ပြီးနောက် ပထမဆုံးအကြိမ် မြောက်ကိုရီးယားအနေနဲ့ ဒုံးပျံတွေပစ်လွှတ်စမ်းသပ်မှုလည်း ဖြစ်ပါတယ်။

တောင်ကိုရီးယား စစ်ဦးစီးဗိုလ်ချုပ်ကြီးတွေအဖွဲ့က တာတိုပစ်တိုက်ချင်းပစ်ဒုံးပျံတွေကို မြောက်ကိုရီးယားနိုင်ငံရဲ့ မြောက်ဟွမ်ဟဲပြည်နယ်၊ ဂျန့်ဝါဒေသကနေ အောက်တိုဘာလ ၁၀ ရက်၊ နံနက် ၈း၁၀ နာရီ (ဂရင်းနစ်စံတော်ချိန် အောက်တိုဘာလ ၂၁ ရက်၊ ၁၁း၁၀ နာရီ) မှာ ပစ်လွှတ်ခဲ့တယ်လို့ ပြောခဲ့ပါတယ်။ မြောက်ကိုရီးယားက ခုလို တိုက်ချင်းပစ်ဒုံးပျံတွေ အများအပြား တစ်ပြိုင်နက်တည်းပစ်ခတ်မှုကို မေလဆန်းကလည်း လုပ်ခဲ့ပါသေးတယ်။
တောင်ကိုရီးယားနိုင်ငံ၊ ဂျုန်ဂျုးမြို့မှာ အောက်တိုဘာလ ၃၁ ရက်နဲ့ နိုဝင်ဘာလ ၁ ရက်တို့မှာပြုလုပ်မယ့် အေပက်အစည်းအဝေးကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ် အပါအဝင် ကမ္ဘာ့ခေါင်းဆောင်အများ အပြားတက်ရောက်ကြမှာပါ။ ထရမ့်ပ်ကတော့ တောင်ကိုရီးယားကို အောက်တိုဘာလ ၂၉ ရက်မှာရောက်လာမယ့်အစီအစဉ်ရှိတယ် ဆိုပါတယ်။
မြောက်ကိုရီးယားက သူ့ရဲ့ “အင်အားအကောင်းဆုံး” တာဝေးပစ်တိုက်ချင်းပစ်ဒုံးကျည် (ICBM) ဖြစ်တဲ့ ဟွာဆောင်း-၂၀ Hwasong-20 ကို မြောက်ကိုရီးယား အာဏာရပါတီရဲ့ နှစ် ၈၀ ပြည့်အထိမ်းအမှတ်အဖြစ် ပြုံယမ်းမြို့မှာ အောက်တိုဘာလက ပြုလုပ်ခဲ့တဲ့ စစ်ရေးပြအခမ်းအနားမှာ ထုတ်ဖော်ပြသခဲ့ပါတယ်။ အဲဒီအခမ်းအနားကို ရုရှားနဲ့ တရုတ်နိုင်ငံတို့မှ အဆင့်မြင့်အရာရှိတွေ တက်ရောက်ခဲ့ပြီး ဟွာဆောင်း -၂၀ ရဲ့ ရောက်ရှိနိုင်တဲ့ တိုက်ခိုက်ရေးအကွာအဝေးက အကန့်အသတ်မရှိလို့ တာဝန်ရှိသူတွေက အဲဒီတုံးက ပြောခဲ့ကြပါတယ်။
မြောက်ကိုရီးယားရဲ့ နျူကလီးယားနဲ့ ဒုံးကျည်အစီအစဉ်တွေဟာ ကုလသမဂ္ဂအဖွဲ့ရဲ့ ပြင်းထန်တဲ့ ပိတ်ဆို့အရေးယူမှုတွေနဲ့လည်း ရင်ဆိုင်နေရတာပါ။ ဒါပေမယ့် မြောက်ကိုရီးယားအစိုးရကတော့ ဒီပိတ်ဆို့မှုတွေက တောင်ကိုရီးယား အပါအဝင် အမေရိကန်နဲ့ သူ့ရဲ့ မဟာမိတ်တွေရဲ့ ခြိမ်းခြောက်မှုတွေသာဖြစ်တယ်လို့ ပြောခဲ့ပါတယ်။
Ref- AFP
