



၂၁.၁၀.၂၀၂၅
Written by Hey Mar
မန္တလေးမှာ ငလျင်ကြောင့် ထိခိုက်ခဲ့တဲ့ အဆောက်အဦကို ငလျင်အပြီး ခုနစ်လနီးပါးအကြာမှာ ဖြိုချရာက ကပ်လျက်ဘေးက နေအိမ်ပေါ်ပြိုကျခဲ့ပြီး နေအိမ်တွင်းရှိနေတဲ့ အမျိုးသားကြီးတစ်ဦးပေါ်ပိမိခဲ့ကြောင်း ကယ်ဆယ်ရေး ဆောင်ရွက်နေသူထံကနေ သိရပါတယ်။
ဖြစ်စဉ်က ဒီနေ့ အောက်တိုဘာ ၂၁ ရက်နေ့ နေ့လယ်သုံးနာရီဝန်းကျင်က မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ အောင်နန်းအနောက်ရပ်ကွက်၊ ၃၃ လမ်းနဲ့ ၃၄ လမ်းကြား၊ ၈၅ လမ်းနဲ့ ၈၆ လမ်းကြားရှိ အထပ်မြင့်အဆောက်အဦဖြိုချရာမှာ ဖြစ်ပွားခဲ့တာလို့ သိရပါတယ်။
အဆိုပါ ပြိုကျအဆောက်အဦအောက်မှာ ပိတ်မိနေတဲ့ အမျိုးသားကြီးကို ချမ်းအေးသာစံမြို့နယ်မီးသတ်စခန်းမှ တပ်ဖွဲ့ဝင်တွေ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်တွေနဲ့ လူမှုကူညီရေးအသင်းတွေက ရှာဖွေကယ်ဆယ်ရေး ကိရိယာတွေအသုံးပြုကာ ရှာဖွေကယ်ဆယ်မှုတွေပြုလုပ်ခဲ့ကြပြီး သုံးနာရီကျော်အကြာ ရှင်းလင်းဆောင်ရွက် ကယ်ထုတ်ခဲ့ရတယ်လို့ သိရပါတယ်။
အဆောက်အဦ အပြို အပျက်အောက် ပိတ်မိတဲ့ အမျိုးသားကြီးမှာ သွေးထွက်ပေါက်ပြဲဒဏ်ရာ အနည်းငယ် ရရှိပေမယ့် စိုးရိမ်ရတဲ့ အခြေအနေမှာတော့ မရှိဘူးလို့လည်း သိရှိရပြီး လက်ရှိမှာတော့ မန္တလေးဆေးရုံကြီးမှာ တက်ရောက်ကုသမှု ခံယူနေတယ်လို့လည်း သိရပါတယ်။
