၁၇.၁၀.၂၀၂၅
Written by Hey Mar
မန္တလေးမှာ ကားက ဆိုင်ကယ်ကိုတိုက်ပြီး ကားနဲ့ လူ တိုက်ချိတ်ပါသွားစဉ် မောင်းပြေးတဲ့ယာဉ်က သေပြီအထင်နဲ့ စွန့်ပစ်ခဲ့တဲ့ အမျိုးသမီးဟာ ဒီနေ့မနက်မှာတော့ သတိပြန်လည်ရရှိပြီး ခွဲစိတ်ကုသတာတွေ ဆောင်ရွက်ပြီးခဲ့ပြီလို့ သိရပါတယ်။
ဖြစ်စဉ်က မန္တလေးမြို့၊ ပုသိမ်ကြီးမြို့နယ်၊ ၁၉ လမ်း၊ ပုသိမ်ကြီးဆိုင်းဘုတ်နားမှာ အရှေ့ဘက်မှလာတဲ့ မော်တော်ကားက ဆိုင်ကယ်ကို တိုက်ပြေးရာ ဆိုင်ကယ်ကျန်ခဲ့ပြီး ဆိုင်ကယ်စီးသူအမျိုးသမီးဟာ ကားအောက် ညပ်ပါသွားကြောင်း ဘေးမှမျက်မြင်တချို့က ပြောကြားလို့ အမျိုးသမီးလူနာကို ကယ်ဆယ်ရေးအဖွဲ့တွေက မီးဆလိုက်တွေနဲ့ လိုက်လံရှာဖွေခဲ့ကြတယ်လို့ သိရပါတယ်။
အနီးအနားမှာ ယာဉ်တိုက်ခံရတဲ့ လူနာအမျိုးသမီးကို မတွေ့ရှိရဘဲ သွေးစတွေသာ ရှာဖွေတွေ့ရှိလို့ လိုက်ရာက တိုက်ပြေးတဲ့ကားဟာ အဆုတ်ဆေးရုံနားမှာ ရပ်တန့်ပြီး ကားအောက်ပိုင်းမှာ လူပါလာမှန်းသိတာကြောင့် အတိုက်ခံရတဲ့အမျိုးသမီးကို ကားပေါ်တင်ပြေးကာ သေပြီအမှတ်နဲ့ ကံကောက်အထည်ချုပ်စက်ရုံနားမှာ ပစ်သွားတာကို ရှာဖွေတွေ့ရှိခဲ့ကြတာလို့ သိရပါတယ် ။
“အခင်းဖြစ်တာနဲ့ ကျွန်တော်တို့ ရှာဖွေချိန်နဲ့ဆို ဖြစ်ပြီး တစ်နာရီလောက်အကြာမှ မိန်းကလေးကို ရှာတွေ့တယ်။ အသက်က နှစ်ဆယ်ကျော် သုံးဆယ်ကြားလို့တော့ ခန့်မှန်းရတယ်။ နဖူးပွင့်သွားတာပေါ့။ ဟက်တက်ကွဲ အရိုးပေါ်သွားတယ်။ လက်မောင်းတစ်ဖက်က အိတ်ဇော အပူလောင်ပြီး အသားတွေ ပဲ့ထွက်ထားတယ်။ ဗိုက်တွေ အပူလောင်တယ်။ ကားပွတ်တိုက်စဆွဲသွားလို့ အသားနီလန်တာတွေ ဖြစ်သွားတယ်။ အရိုးတော့ ကျိုးတာမျိုး မရှိဘူး။ ဒီမနက် ခွဲခန်းက ထွက်တော့ သွားကြည့်ဖြစ်ပါသေးတယ်။ ကြည့်တာမှာ အဆင်ပြေတယ်ကြားပါတယ်” လို့ နန်းတော်ရှေ့ လူမှုကယ်ဆယ်ရေးအသင်းထံ MT News က ဆက်သွယ်မေးမြန်းရာမှာ ပြန်လည်ဖြေကြားပါတယ် ။
လက်ရှိအချိန်ထိတော့ အဆိုပါအမျိုးသမီးကို တိုက်ပြေးတဲ့ယာဉ်ကို ဖမ်းဆီးရမိခြင်းမရှိသေးဘဲ သက်ဆိုင်ရာက လုပ်ထုံးလုပ်နည်းတွေအတိုင်း ဆက်လက်ဆောင်ရွက်နေတယ်လို့လည်း သိရပါတယ်။
