၁၇.၁၀.၂၀၂၅
Translated by Htwe Ko Tun
ပီရူးနိုင်ငံမှာ လူငယ်တွေခေါင်းဆောင်တဲ့ ဆန္ဒပြပွဲတွေက ရက်သတ္တပတ်နဲ့ချီလို့ကြာလာပြီး အကြမ်းဖက်မှုတွေအသွင် ကူးပြောင်းကာ တစ်ချိန်တည်းမှာ ကြားဖြတ်အစိုးရ သမ္မတ ဂျို့စ် ဂျယ်ရီကိုလည်း ရာထူးမှ ထွက်ဖို့ တောင်းဆိုလာကြတယ်လို့ အောက်တိုဘာလ ၁၇ ရက် သတင်းတွေက ဖော်ပြခဲ့ကြပါတယ်။
အစိုးရဆန့်ကျင်ရေးဆန္ဒပြသမားတွေနဲ့ ရဲတပ်ဖွဲ့တို့အကြား လူသေဆုံးမှုတွေရှိတဲ့အထိ တိုက်ခိုက်မှုတွေ ဖြစ်လာပြီးတဲ့နောက်မှာတော့ ကြားဖြတ်အစိုးရအနေနဲ့ မြို့တော်လီမားကို အရေးပေါ်အခြေအနေ ကြေညာရတော့မယ့်အထိ ဖြစ်လာနေတယ် ဆိုပါတယ်။
လုပ်အားခနည်းပါးမှု၊ အကျင့်ပျက်ခြစားမှုနဲ့ ရာဇ၀တ်မှုထူပြောမှုတွေကို ဆန့်ကျင်ရှုတ်ချတဲ့ လူငယ်တွေ ဦးဆောင်တဲ့ ဆန္ဒပြပွဲတွေက ပီရူးမြို့ကြီးတွေမှာ ရက်သတ္တပတ်တွေအတွင်း ဖြစ်ပွားခဲ့တာပါ။ အောက်တိုဘာလ ၁၅ ရက်က လီမားမြို့တော်ရဲ့ မြို့လယ်ခေါင်မှာ ဆန္ဒပြပွဲတွေ ပြင်းထန်လာချိန်မှာတော့ လူတစ်ဦး သေနတ်နဲ့ ပစ်သတ်ခံခဲ့ရပြီး နောက်ထပ် လူ ၁၀၀ ဒဏ်ရာရခဲ့ပါတယ်။ ရဲအရာရှိ ၈၀ ခန့်လည်း ဒဏ်ရာရခဲ့ပါတယ်။


ပြီးခဲ့တဲ့အပတ်မှာတော့ သမ္မတ ဒီနာ ဒိုလောတီကို သူမအစိုးရရဲ့ ရာဇ၀တ်မှုတွေကို တားဆီးဖို့ မစွမ်းဆောင်နိုင်မှုအတွက် ဥပဒေပြုအမတ်တွေက သမ္မတရာထူးက ဖြုတ်ချခဲ့ကြပါတယ်။ သူမနေရာ မှာ ကြားဖြတ်အစိုးရ သမ္မတ ဂျို့စ် ဂျယ်ရီကို အစားထိုးခန့်အပ်ခဲ့တာပါ။ ဒါပေမယ့် သမ္မတ ဂျို့စ် ဂျယ်ရီလည်း အခုအခါ ဆန္ဒပြသမားတွေက နုတ်ထွက်ဖို့ တောင်းဆိုမှုကိုကြုံနေရတာပါ။ ဒါပေမယ့် သူကတော့ သမ္မတရာထူးက နုတ်ထွက်မှာမဟုတ်ဘူးလို့ သတင်းထောက်တွေကို ပြောခဲ့ပါတယ်။
အသက် ၃၈ နှစ် ရှိ သမ္မတ ဂျို့စ်ဂျယ်ရီက “ကျွန်တော့်တာဝန်က တိုင်းပြည်တည်ငြိမ်ရေးကို ထိန်းသိမ်းဖို့ပါ။ ဒါက ကျွန်တော့်တာဝန်နဲ့ ကတိကဝတ်ပါ။ အများပြည်သူလုံခြုံရေးဆိုင်ရာ ကိစ္စရပ်တွေကို ဥပဒေပြုဖို့ အခွင့်အာဏာပေးဖို့ ကွန်ဂရက်ကို တောင်းဆိုမယ်” လို့လည်း သူက ထပ်ပြောပါတယ်။
ပီရူးအစိုးရရှေ့နေရုံးက အသက် ၃၂ နှစ်အရွယ် ဆန္ဒပြသူနဲ့ ဟစ်ဟော့အဆိုတော် အီဒူရာဒို ရုဇ် သေဆုံးမှုကို စုံစမ်းစစ်ဆေးနေတယ်လို့ အောက်တိုဘာလ ၁၆ ရက်က ပြောခဲ့ပါတယ်။
ဆန္ဒပြမှုတွေအတွင်း ရုဇ်က အပစ်ခံခဲ့ရတယ်လို့ အစိုးရရှေ့နေတွေက ပြောပါတယ်။ ပစ်ခတ်ခဲ့တဲ့ ရဲအရာရှိကို ကိုယ်ထိလက်ရောက် တိုက်ခိုက်ကြလို့ ပစ်ခတ်ခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။
ရုဇ် ကိုပစ်ခတ်မှုကို ဓမ္မဓိဋ္ဌာန်ကျကျ စုံစမ်းစစ်ဆေးမယ်လို့ သမ္မတ ဂျယ်ရီက ပြောခဲ့ပါတယ်။ သူက အကြမ်းဖက်မှုတွေက နိုင်ငံမငြိမ်မသက်ဖြစ်စေရန် ငြိမ်းချမ်းစွာဆန္ဒပြမှုမှာ ဆိုးသွမ်းသူတွေ စိမ့်ဝင်မှုရဲ့ ရလဒ်အဖြစ် ပြောကြားခဲ့ပြီး ဥပဒေကို အပြည့်အဝကျင့်သုံးမယ်လို့ ကတိပြုခဲ့ပါတယ်။
Ref-Reuters
