၁၇.၁၀.၂၀၂၅
Written By Thandar






Mahar Original Series နဲ့ ခရေဖြူရုပ်ရှင်ထုတ်လုပ်ရေးတို့ ပူးပေါင်းရိုက်ကူးမယ့် အချစ်ဒရာမာ ရသစုံ ဇာတ်လမ်းပုံစံ “ချမ်းမြေ့စေကြောင်း”ဇာတ်လမ်းတွဲ ကန်တော့ပွဲပေးပွဲ အခမ်းအနားကို ယနေ့ အောက်တိုဘာ ၁၇ ရက် နံနက် ၉ နာရီက ရန်ကုန်မြို့ ဒဂုံမြို့နယ် မြို့မကျောင်းလမ်းရှိ အိမ်တော်ရာစေတီမှာ ကျင်းပခဲ့ပါတယ်။
“ချမ်းမြေ့စေကြောင်းဆိုတဲ့ ဇာတ်လေးက ဇာတ်ရဲ့နောက်ဆုံး ဇာတ်သိမ်းလေးမှာမှ ချမ်းမြေ့တာပေါ့နော်။ မိသားစုတွေ ဘဝတွေအကုန်လုံးကို ချမ်းမြေ့စေချင်လို့ ဒီနာမည်လေး ပေးဖြစ်တာပါ။ ဒီဇာတ်က တကယ်တော့ အေးအေးလေး မဟုတ်ဘူး။ လူတွေရဲ့ လောဘတွေ၊ ဒေါသတွေ၊ အတ္တတွေရဲ့ ပူလောင်ရမှုတွေကို ပေးထားတာပါ။ မိသားစုတွေပါမယ်။ အချစ်လည်းပါတယ်။ အချစ်ဒရာမာဇာတ်အိမ်ကြီးတာမို့ ထူးခြားတဲ့ ဇာတ် ပုံစံလေးပါ။ သျှင်သုံးသျှင်ရဲ့ ဖန်တီးထားတဲ့ ဇာတ်ကားမို့ မတူကွဲပြားတဲ့ ကာရိုက်တာတွေနဲ့ ပါဝင်ကြတဲ့ သရုပ် ဆောင်တွေကို မြင်တွေ့ရမှာလည်းဖြစ်တယ်” လို့ ဒါရိုက်တာ ကြည်ဖြူသျှင်က ပြောပါတယ်။
အဆိုပါ ဇာတ်ကားကို ဝတ္ထု သျှင်မ ၊ ဇာတ်ညွှန်းကကြိုးသျှင်၊ ဒါရိုက်တာ ကြည်ဖြူသျှင်က ရိုက်ကူးပြီး သရုပ်ဆောင်တွေဖြစ်တဲ့ မင်းဘုန်းမြတ်၊ မင်းဦး၊ အောင်လေး၊ ဗညားဘုန်းပြည့်၊ မေမီကိုကို၊ ဆုပန်ထွာ၊ Pepsi ၊ သဇင်ထူးမြင့်၊ မြတ်ရတနာကျော်၊ မင်းသူ၊ ရဲမွန်၊ စိုင်းခန့်ဦး၊ ဂူးဂူး၊ သာသာ၊ အေးသီတာ၊ အိမ့်ကြာဖြူ၊ ဒေါ်ဝေဝေခင်၊ ထက်မြတ်ရွှေစင်၊ ဧည့်သည်သရုပ်ဆောင် ဇွဲ၊ သျှင်ရဲထွဋ်၊ နှင်းဝတ်ရည်ကျော်၊ တာတာ၊ မိုးသဲဖြူ၊ ကလေးသရုပ်ဆောင် ဆုရတီရှင်းသန့်၊ သက်မှူးအိမ်စည်၊ Ruby နဲ့ အနုပညာရှင်ပေါင်းများစွာ ပါဝင်ထားပါတယ်။
အပိုင်း ၃၀ ပိုင်းပါဝင်မယ့် “ချမ်းမြေ့ပါစေကြောင်း” ဇာတ်လမ်းတွဲကို မနက်ဖြန် အောက်တိုဘာ ၁၈ ရက်မှာ စတင်ပြီး ရန်ကုန်မြို့မှာ ရိုက်ကူးပုံဖော်သွားမယ်လို့ သိရပါတယ်။
