◾️ အရွယ်မရောက်သေးသူအား ဓားဖြင့် အချက် ၂၀၀ ကျော်ထိုးသတ်ခံရမှုအပြင် သတင်းအမှားများ ဖြန့်ဝေခံနေရသဖြင့် ကျောင်းသူ၏ မိခင်ဖြစ်သူက ကောလာဟလအမှားများ ရပ်တန့်ပေးရန် တောင်းပန်
၁၇ . ၁၀. ၂၀၂၅
Translated by Thettant
မလေးရှားနိုင်ငံ၊ ဆီလန်ဂေါပြည်နယ်၊ ဘန်ဒါဥတ္တမာမြို့တွင် တစ်ကျောင်းတည်းအတူတက်ရောက်နေသူ ကျောင်းသားတစ်ဦး၏ ဓားဖြင့် အကြိမ်များစွာ ထိုးနှက်သတ်ဖြတ်ခံခဲ့ရသော အသက် ၁၆ နှစ်အရွယ် ကျောင်းသူလေး၏ ဝမ်းနည်းကြေကွဲနေသော မိခင်က သမီးဖြစ်သူ ရုန့်ရင်း ကြမ်းတမ်းစွာ အသတ်ခံရမှုနှင့်ပတ်သက်၍ ကောလာဟလအမှားများ ဖြန့်ဝေခြင်းကို ရပ်တန့်ပေးရန် လူအများကို စိတ်နှလုံးကြေကွဲစွာဖြင့် တောင်းဆိုလိုက်သည်။
ဝေါင်း လီ ပင်း (Wong Lee Ping) ဟု အမည်ရသူ အမျိုးသမီးတစ်ဦးသည် သူမ၏သမီးဖြစ်သူ ယပ်ရှင်းရွှန် (Yap Shing Xuen) ၏ နာရေးအခမ်းအနားအတွင်း အောက်တိုဘာ ၁၆ ရက်က ပြုလုပ်သော သတင်းစာရှင်းလင်းပွဲ၌ အသက် ၁၄ နှစ်သား ကျောင်းသားငယ်၏ ကြောက်မက်ဖွယ် တိုက်ခိုက်မှုတွင် သမီးဖြစ်သူသည် ဓားဒဏ်ရာ အချက် ၂၀၀ ကျော် ခံစားခဲ့ရကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။
ဝမ်းနည်းမျက်ရည်များဖြင့် ပြောဆိုရင်း ဝေါင်းက လူမှုမီဒီယာပေါ်တွင် ပျံ့နှံ့နေသော ကောလာဟလများ၊ အထူးသဖြင့် ဆွေမျိုးတစ်ဦးက ယခုလူသတ်မှုကို ကြိုးကိုင်စီစဉ်ခဲ့သည်ဟု စွပ်စွဲချက်များနှင့် ပတ်သက်၍ “ဒီကောလာဟလတွေကို ရပ်တန့်ပေးပါ” ဟု ဝေါင်းက တောင်းပန်ခဲ့ပြီး၊ ထိုစွပ်စွဲချက်များသည် လုံးဝမမှန်ကန်ကြောင်းနှင့် မိသားစုအား ဝမ်းနည်းမှုထက် ပိုမိုသော နာကျင်မှုကို ဖြစ်စေကြောင်း အလေးပေးပြောကြားခဲ့သည်။

“ရဲတပ်ဖွဲ့က ပြောတာကတော့ သမီးလေးကို တရားခံက အိမ်သာခန်းရဲ့ အပေါ်ကနေ သံသယရှိသူက ကျော်တက်ပြီး ဓားနဲ့ထိုးတာပါတဲ့။”ဟု ဝေါင်းက ပြောခဲ့သလို “သမီးလေးက အကူအညီတောင်းဖို့ အော်ဟစ်တော့ သံသယရှိသူက အိမ်သာခန်းထဲကနေ ခုန်ထွက်သွားခဲ့တယ်။ ဆရာက တံခါးကို အတင်းဖွင့်နိုင်ခဲ့ပေမဲ့ နောက်ကျသွားခဲ့ပါပြီ။”ဟု သူမက ဆက်လက်ရှင်းပြရင်း “ကျွန်မသမီးနဲ့ သံသယတရားခံဟာ ဒီမတိုင်ခင်က အချင်းချင်း မသိကြပါဘူး။ ကျေးဇူးပြုပြီး ကောလာဟလအမှားတွေ ဖြန့်ဝေတာကို ရပ်တန့်ပေးပါ၊ ကျွန်မသမီးက ဖြစ်ရပ်ဆိုးရဲ့ သားကောင်ဖြစ်ပြီးသားပါ” ဟု ၎င်းက FMT သတင်းဌာနကို ပြောကြားခဲ့သည်။
ဝေါင်းက မိသားစုသည် ဤကြေကွဲစရာ အဖြစ်ဆိုးကြောင့် အကြီးအကျယ် စိတ်ပျက်အားငယ်နေကြောင်း ဖော်ပြခဲ့ပြီး ဤခက်ခဲသော ဝမ်းနည်းပူဆွေးရချိန်အတွင်း ကိုယ်ရေးကိုယ်တာ လွတ်လပ်ခွင့်ပေးရန် မေတ္တာရပ်ခံခဲ့သည်။ ယပ်ရှင်းရွှန်သည် မိသားစု၏ တစ်ဦးတည်းသောသမီး ဖြစ်သောကြောင့် ဆုံးရှုံးမှုမှာ ပိုမိုနက်ရှိုင်းစေခဲ့သည်။
အဆိုပါ သတင်းစာရှင်းလင်းပွဲကို ဝေါင်းနှင့် မိသားစုက သမီးဖြစ်သူအား မြေမြှုပ်သင်္ဂြိုဟ်ရန် ပြင်ဆင်နေချိန်နှင့် တစ်ပြိုင်နက်တည်းတွင် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး၊ အလွန်ကြီးမားသော ဝမ်းနည်းပူဆွေးမှုနှင့် လူအများ၏ အာရုံစိုက်မှုကို ခံနေရသော ဤအထင်ကရ အမှုနှင့် ရင်ဆိုင်ဖြေရှင်းရန် ကြိုးစားနေချိန်လည်း ဖြစ်သည်။
ထိတ်လန့်စရာကောင်းသော လူသတ်မှုသည် ဘန်ဒါဥတ္တမာမြို့တွင် အောက်တိုဘာ ၁၄ ရက် နံနက် ၉ နာရီခွဲခန့်က ဖြစ်ပွားခဲ့ပြီး၊ အသတ်ခံရသူ ရွှန်အား တစ်ကျောင်းတည်းနေ ကျောင်းနေဘက်တစ်ဦးက ဓားဖြင့် အချက်ပေါင်းများစွာ တိုက်ခိုက်ခဲ့သည်ဟု စွပ်စွဲထားသည်။ တရားခံသည် အသက် ၁၄ နှစ်အရွယ် ကျောင်းသားဖြစ်ပြီး သူ့ကို ပြန်မကြိုက်သည့် ရွှန်ကို လည်ပင်းမှပေါင်အထိ ဓားဖြင့် အချက် ၂၀၀ ကျော် ထိုးနှက်သတ်ဖြတ်ခဲ့သည်ဟု စစ်ဆေးမှုများက တွေ့ရှိခဲ့ရသည်။ ထိုတိုက်ခိုက်မှုအတွင်း တရားခံက ကျောင်းသူငယ်အား အချက် ၂၀၀ ခန့် ဓားဖြင့်ထိုးခြင်းကဲ့သို့သော ရက်စက်ကြမ်းကြုတ်မှုသည် လူမှုအသိုင်းအဝိုင်းကို တုန်လှုပ်စေခဲ့ပြီး ကျောင်းများတွင် ကျောင်းသားများ၏ ဘေးကင်းရေးနှင့် စိတ်ကျန်းမာရေးဆိုင်ရာ အကူအညီပေးမှုများနှင့် ပတ်သက်၍ မေးခွန်းများစွာ ထုတ်စေခဲ့သည်။

လူသတ်မှုနှင့် ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုသည် ရက်သတ္တတစ်ပတ်ခန့် ကြာမြင့်မည်ဖြစ်သလို အာဏာပိုင်များသည် တိုက်ခိုက်မှု၏ ရည်ရွယ်ချက်အပါအဝင် လူသတ်မှုဖြစ်ပွားရသည့် အခြေအနေများကို ဆက်လက်စုံစမ်းစစ်ဆေးလျက်ရှိသည်။
ဤအမှုသည် လူမှုမီဒီယာပလက်ဖောင်းများတွင် အထူးပင် အာရုံစိုက်ခြင်းခံနေရပြီး သီအိုရီအမျိုးမျိုးနှင့် မှန်ကန်ကြောင်း အတည်မပြုရသေးသော စွပ်စွဲချက်များ ကျယ်ကျယ်ပြန့်ပြန့် မျှဝေခံနေရသည်။ သို့သော် ဝေါင်း၏ စိတ်လှုပ်ရှားစွာ တောင်းပန်ခဲ့ရသော ကောလာဟလများသည် စိတ်ကူးမျှပင် မယဉ်နိုင်သော ဆုံးရှုံးမှုနှင့် ရင်ဆိုင်နေရသည့် ဝမ်းနည်းပူဆွေးနေသော မိသားစုများအပေါ် မည်မျှဆိုးကျိုးသက်ရောက်နိုင်ကြောင်းကို မီးမောင်းထိုးပြလိုက်ခြင်းပင် ဖြစ်သည်။
မိသားစုက ၎င်းတို့၏ တစ်ဦးတည်းသော သမီးအတွက် ဝမ်းနည်းပူဆွေးနေချိန်တွင် ဝေါင်း၏ တောင်းဆိုချက်သည် အချက်အလက်များကို အွန်လိုင်းတွင် မျှဝေခြင်းမပြုမီ စစ်ဆေးအတည်ပြုရန်နှင့် အဖြစ်ဆိုးနှင့် ထိခိုက်ခံစားရသူများ၏ ကိုယ်ရေးကိုယ်တာ လွတ်လပ်ခွင့်ကို လေးစားရန် အရေးကြီးကြောင်းကို သတိပေးနေသည်။

မိသားစုက လူအများကို ၎င်းတို့အား ဝမ်းနည်းပူဆွေးရန် နေရာပေးရန်နှင့် ကောလာဟလအမှားများကြောင့် ပိုမို ဝန်ထုပ်ဝန်ပိုးမဖြစ်စေဘဲ ရွှန်၏ အမှတ်တရများကို ဂုဏ်ပြုခွင့်ပေးရန် တောင်းဆိုထားသည်။ လူသတ်မှုနှင့်ပတ်သက်သော စုံစမ်းစစ်ဆေးမှုများမှာ ဆက်လက်လုပ်ဆောင်နေဆဲဖြစ်ပြီး၊ နောက်ထပ်အချက်အလက်များ ရရှိလာသည်နှင့်အမျှ အာဏာပိုင်များက တရားဝင်သတင်းများ ထုတ်ပြန်လာမည်ဟု မျှော်လင့်ရသည်။
Ref , The Sun & The Star
