◾️အရောင်းအဝယ်ဘောင်ချာများအား ရောင်းသူ/ဝယ်သူအပြင် သတ္တုတွင်းထွက်လုပ်ငန်းနှင့် အခွန်ရုံးများသို့လည်း ပေးပို့ရမည်





၁၇. ၁၀. ၂၀၂၅
Written by Nyein Kyaw
ပြည်တွင်းရှိ ရွှေထည်နှင့် ကျောက်မျက်ရတနာဆိုင်များအားလုံး သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ အမှတ်(၂) သတ္တုတွင်းလုပ်ငန်းက ထုတ်ပေးသည့် ဘောင်ချာဖြင့်သာ အရောင်းအဝယ်ပြုလုပ်ရမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း (YGEA) တာဝန်ရှိသူများက အတည်ပြုပြောကြားသည်။
“အဲဒီကိစ္စက ဟုတ်ပါတယ်။ အဲဒါကလည်း သတ္တုတွင်းထွက်လုပ်ငန်းက ရောင်းပေးတာပေါ့။ အဲဒီမှာ သွားပြီးတော့ မဝယ်ရသေးတဲ့ဆိုင်တွေတော့ ရှိရင်ရှိကောင်းရှိလိမ့်မယ်ပေါ့။ နောက်လေးမူပေါ့။ သတ္တုတွင်းလုပ်ငန်းကို တစ်မူပြန်ပေးရမယ်။ အခွန်ကိုတစ်မူပြန်ပေးရမယ်။ ဝယ်တဲ့သူတစ်မူ။ ဆိုင်မှာကတစ်မူပေါ့။ အားလုံးလေးမူပေါ့” ဟု YEGA ဥက္ကဋ္ဌ ဦးမျိုးမြင့်က ပြောကြားသည်။
အဆိုပါ သတ္တုတွင်းလုပ်ငန်းမှ ထုတ်ပေးသည့် အရောင်းအဝယ်ဘောင်ချာ၏ အပေါ်ဆုံးထိပ်တွင် ဘောင်ချာအမှတ်စဉ်၊ ရက်စွဲ၊ ဆိုင်အမည်၊ စာရင်းအမှတ်၊ ဝယ်သူ (သို့) ရောင်းသူအမည်၊ နိုင်ငံသားစိစစ်ရေးကတ် (မှတ်ပုံတင်နံပါတ်)၊ နေရပ်လိပ်စာ/ဖုန်းနံပါတ်များပါရှိသည်။
ဆက်လက်၍ ပစ္စည်းအမျိုးအမည်/ပုံစံ/ပစ္စည်းအမှတ်၊ ရွှေအမျိုးအစား၊ ရွှေဈေးနှုန်း၊ ပစ္စည်းအမှတ်အသားအပြင် စိန်/ကျောက်+အလေးချိန်၊ စိန်/ကျောက်အလေးချိန်၊ ရွှေအလေးချိန်၊ အလျော့တွက်အလေးချိန်၊ စုစုပေါင်းအလေးချိန်တို့ကို အစဉ်လိုက်ပါရှိသည်။
ထို့ပြင် ရွှေကျသင့်ငွေ၊ စိန်/ကျောက်တန်ဖိုးကျသင့်ငွေ၊ ပစ္စည်းတန်ဖိုးကျသင့်ငွေ၊ အလျော့တွက်သင့်ငွေ၊ လက်ခသင့်ငွေ၊ အခွန်၊ စုစုပေါင်းကျသင့်ငွေ ဆိုကာ စနစ်တကျ ဖော်ပြထားသည်။
ယင်းကဲ့သို့ စနစ်တကျ ဖော်ပြထားသည့် အစိုးရထုတ် အရောင်းအဝယ်ဘောင်ချာများဖြင့် အရောင်းအဝယ် မပြုလုပ်သည့် ရွှေထည်နှင့် ကျောက်မျက်ရတနာဆိုင်များကိုလည်း သက်ဆိုင်ရာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးအဖွဲ့မှ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
“အဲဒါကတော့ ထွေအုပ်တွေက ကိုင်လိမ့်မယ်။ အဲဒါကို ညွှန်ကြားထားပြီးသား။ အားလုံးထွေအုပ်တွေ အောက်မှာပါ” ဟု ဦးမျိုးမြင့်က ပြောကြားသည်။
ကမ္ဘာ့ရွှေဈေးနှင့် ဒေါ်လာဈေးနှုန်းများကျဆင်းချိန် ကျသင့်သည့်ဈေးနှုန်းအထိ မကျဆင်းခဲ့သော ပြည်တွင်းရွှေဈေးနှုန်းသည် ယခုရက်ပိုင်းအတွင်း ကမ္ဘာ့ရွှေဈေး ဆက်တိုက်မြင့်တက်လာပြီး တစ်အောင်စကို ဒေါ်လာ ၄၃၂၀ ကျော်အထိ ဖြစ်ပေါ်လာချိန် ယနေ့တွင် ၁၆ ပဲရည် အခေါက်ရွှေတစ်ကျပ်သား ကျပ် ၈၈ သိန်းနှင့် ရွှေထည် ၁၅ ပဲရည်တစ်ကျပ်သား ကျပ် ၈၃ သိန်းခန့်အထိ ထပ်မံမြင့်တက်ခဲ့သည်။
