

၁၇.၁၀.၂၀၂၅
Written by Hey Mar
အောင်ပန်းမြို့ မင်္ဂလာကန်တော်အတွင်း ရေနစ်သေဆုံးနေတဲ့ အမျိုးသားတစ်ဦးရဲ့ ရုပ်အလောင်း တွေ့ရှိဆယ်ယူရတဲ့ဖြစ်စဉ် ဒီနေ့ အောက်တိုဘာ ၁၇ ရက်နေ့ မနက်အစောပိုင်းက ဖြစ်ပွားခဲ့တယ်လို့ နာရေးကူညီမှုအသင်း (အောင်ပန်း)ထံကနေ သိရပါတယ်။
ဖြစ်စဉ်က ဒီနေ့မနက် ၅ နာရီအချိန်က
အောင်ပန်းမြို့၊ မင်္ဂလာကန်အတွင်းမှာ အမျိုးသားတစ်ဦး သေဆုံးနေကြောင်း မင်္ဂလာကန်မှာ မနက်အစောပိုင်း ကျန်းမာရေးလမ်း လျှောက်ထွက်တဲ့ အဖွဲ့တွေက တွေ့ရှိကာ သက်ဆိုင်ရာကို အကြောင်းကြားလာတာလို့ သိရပါတယ်။
နာရေးကူညီမှုအသင်းအောင်ပန်းမှ တာဝန်ရှိသူက ” ဦးတို့ ဆက်သွယ်ကွန်ရက်ထဲကနေ ရုပ်အလောင်းတွေ့တယ် ဆယ်ပေးဖို့ဆိုပြီး အကြောင်းကြားခေါ်ယူတော့ သွားဆယ်ပေးဖြစ်တယ်။ ညကတည်းက ကန်ထဲကျပြီး သေဆုံးပုံရပါတယ်။ ကန်စပ်မှာ ငါးမျှားတံတွေလည်း တွေ့တယ်။ လူကလည်း ကန်စပ်မလှမ်းမကမ်းမှာ မှောက်လျက် ပေါ်နေတာ” လို့ MT News က ဆက်သွယ်မေးမြန်းတာကို ပြန်လည်ဖြေကြားပါတယ်။
သေဆုံးသူက အောင်ပန်းမြို့၊ ညောင်ပင်ထောင်ရပ်ကွက်နေ ကိုထက်ကျော် အသက်၂၅နှစ်လို့ သိရှိရပြီး ရုပ်အလောင်းကို အောင်ပန်းဆေးရုံ ရင်ခွဲရုံဆီ ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။
