နေမိုး
၁၇. ၁၀. ၂၀၂၅

ပျော်ဘွယ်မှာ ကိုယ်ထူကိုယ်ထ ကွန်ကရစ်လမ်းခင်းအောင်ပွဲအထိမ်းအမှတ်ကျင်းပနေတဲ့ လက်နက်မဲ့ ပြည်သူလူထုကြားကို PDF တွေက သေနတ်နဲ့ ဝင်ပစ်လို့ အမျိုးသား ၈ ဦး သေဆုံးပြီး အမျိုးသမီး ၁ ဦး ဒဏ်ရာရခဲ့တယ်လို့ ကနဦးသိရပါတယ်။

ဖြစ်စဥ်က မနေ့က အောက်တိုဘာ ၁၆ ရက်နေ့ ညပိုင်းက ပျော်ဘွယ်မြို့နယ်၊ စံပါယ်ကုန်းကျေးရွာ အုပ်စု၊ ပဲ့ကန်ကျေးရွာ ပျော်ဘွယ်-နတ်မောက်သွားကားလမ်းဘေး ကွင်းအမှတ်(၇၆၉) အတွင်းရှိ ယာကွက်ထဲမှာ ရပ်မိရပ်ဖတွေနဲ့ ရွာသူ/ရွာသားတွေစုဝေးပြီး ပျော်ဘွယ်-နတ်မောက်သွားလမ်းကနေ ပဲ့ကန်(တောင်)ရွာသွားတဲ့လမ်းကို ကိုယ်ထူကိုယ်ထ ကွန်ကရစ်လမ်းခင်းခြင်း အောင်ပွဲအထိမ်းအမှတ် ဇာတ်ပွဲနဲ့အတူ ပျော်ပွဲရွှင်ပွဲ ကျင်းပနေကြစဉ် PDF တွေက ဆိုင်ကယ်တွေနဲ့ ရောက်ရှိလာပြီး ရပ်မိရပ်ဖတွေနဲ့ ရွာသူ/ရွာသားတွေကို သေနတ်နဲ့ ဝိုင်းပြီး ပစ်ခတ်ခဲ့တာကြောင့် အပြစ်အမဲ့ အရပ်သားပြည်သူ အမျိုးသား ၈ ဦးသေဆုံးခဲ့ပြီး အမျိုးသမီး ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

ဒီဖြစ်စဥ်မှာ ပျော်ဘွယ်ဒေသခံ PDF တွေက ပဲ့ကန်ရွာ ပြည်သူလူထုကို ပျော်ပွဲရွှင်ပွဲမလုပ်ဖို့ ခြိမ်းခြောက်ခဲ့ပေမဲ့ ပြည်သူတွေက ဆက်လက်လုပ်ဆောင်နေတာကြောင့် ပျော်ပွဲရွှင်ပွဲမှာ လောင်းကစားဝိုင်းပါတယ် စွပ်စွဲချက်နဲ့ လာသတ်တာလို့လည်း သိရပြီး ဒီသတ်ဖြတ်မှုမှာ ပဲ့ကန်ကျေးရွာအုပ်ချုပ်ရေးမှူးအပါအဝင် ၈ ဦးသေဆုံးသွားခဲ့တာလို့လည်း သိရပါတယ်။

