နေမိုး
၁၅. ၁၀. ၂၀၂၅
နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန် ရည်ရွယ်ကာ လူမှုကွန်ရက်စာမျက်နှာပေါ်၌ လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများပြုမူလုပ်ဆောင်ခဲ့သည့် “Shwe Thet” Facebook အကောင့်ပိုင်ရှင်ဖြစ်သူ ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့နယ်၊ အမှတ်(၄၆)ရပ်ကွက်နေ သက်ကိုကို(ခ)သမီးဆိုး(၄၅)နှစ်အား ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၁၃ ရက်နေ့ ည ၈ နာရီတွင် ပြင်ဦးလွင်မြို့မရဲစခန်း၌ တရားဥပဒေနှင့်အညီ ဖမ်းဆီးထိန်းသိမ်းအမှုဖွင့်လှစ်အရေးယူဆောင်ရွက်ခဲ့ကြောင်း အသိပေးထုတ်ပြန်ထားသည်။
အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသည့် CRPH ၊ NUG နှင့် ယင်းတို့၏ လက်ဝေခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့်ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် အစိုးရယန္တရားများပျက်ပြားစေရန် ရည်ရွယ်လျက်လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများပြုလုပ်ခဲ့မှုအပေါ် ဥပဒေနှင့်အညီထိရောက်စွာအရေးယူသွားမည်ဖြစ်ကြောင်းနှင့် ထိုသို့လှုံ့ဆော်သူ၊ ဝါဒဖြန့်သူများအား ဆက်လက်ဖော်ထုတ်အရေးယူသွားမည်ဖြစ်ကြောင်း မိဘပြည်သူများသိရှိနိုင်ရေး အသိပေးသတင်းထုတ်ပြန်ပြီးဖြစ်သည်။
ထိုကဲ့သို့ သတင်းထုတ်ပြန်ခဲ့ပြီးဖြစ်သော်လည်း ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၁၃ ရက်နေ့တွင် အသိပေးထုတ်ပြန်ချက်အပေါ်မျက်ကွယ်ပြု၍ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကိုပျက်ပြားစေရန်ရည်ရွယ်ကာ လူမှုကွန်ရက်စာမျက်နှာပေါ်၌လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများပြုမူ လုပ်ဆောင်ခဲ့သည့် “Shwe Thet” Facebook အကောင့်ပိုင်ရှင်ဖြစ်သူ ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့နယ်၊ အမှတ်(၄၆)ရပ်ကွက်နေ သက်ကိုကို(ခ)သမီးဆိုး(၄၅)နှစ်အား ည ၈ နာရီတွင် ပြင်ဦးလွင်မြို့မရဲစခန်း၌ တရားဥပဒေနှင့်အညီ ဖမ်းဆီးထိန်းသိမ်းအမှုဖွင့်လှစ် အရေးယူဆောင်ရွက်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
Shwe Thet အကောင့်ပိုင်ရှင်ဖြစ်သူ သက်ကိုကို (ခ) သမီးဆိုး ဆိုသူသည် အမေရိကန်နိုင်ငံတွင် နေထိုင်သော အမေရိကန်နိုင်ငံသားခံယူထားသည့် မြန်မာပြည်ဖွားအမျိုးသမီးဖြစ်ပြီး ပြီးခဲ့သော စက်တင်ဘာလအတွင်းက မြန်မာပြည်သို့ပြန်လာရာမှ လူမှုကွန်ရက်အပေါ် ယင်းပြောဆိုခဲ့မှုများ ဖြေရှင်းပေးရန် ဒေါ်အေသင်ကိုဆိုသည့် အမျိုးသမီးက တောင်းဆိုသော်လည်း မဖြေရှင်းဘဲ တိမ်းရှောင်နေသဖြင့် ဒေါ်အေသင်ကိုက ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ) ဖြင့် အမှူဖွင့်ခဲ့ရာမှ Shwe Thet အကောင့်ပိုင်ရှင်ဖြစ်သူ သက်ကိုကို (ခ) သမီးဆိုး ဆိုသူကို ပြည်ပမထွက်ခွာမီလေဆိပ်တွင် ထိန်းသိမ်းခဲ့ခြင်းဖြစ်သည်။
ထိုဖြစ်စဥ်အပေါ် ဒေါ်အေသင်ကိုကလည်း သူမက Shwe Thet အကောင့်ပိုင်ရှင်ဖြစ်သူ သက်ကိုကို (ခ) သမီးဆိုး ဆိုသူအား ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ) တစ်မှုတည်းဖြင့်သာ အမှုဖွင့်ခဲ့ခြင်းဖြစ်ပြီး ကျန်သော အမှုများမှာ သူမ(သမီးဆိုး)၏ ပြောဆိုချက်များ လူမှုကွန်ရက်အပေါ် ပျံ့နှံ့နေသဖြင့် တာဝန်ရှိသူများက စိစစ်ကာ လိုအပ်သလို အရေးယူဆောင်ရွက်ခြင်းသာဖြစ်ကြောင်း လူမှုကွန်ရက်တွင် ဖြေရှင်းထားသည်ကိုလည်း တွေ့ရသည်။
