၁၄.၁၀.၂၀၂၅
Translated by Htwe Ko Tun
မဒါဂတ်စကာနိုင်ငံရဲ့သမ္မတ ဖြစ်တဲ့ ရာဂျိုလီနာဟာနိုင်ငံမှ ထွက်ပြေးသွားပြီလို့ အတိုက်အခံ ခေါင်းဆောင် နဲ့ အခြားတာဝန်ရှိသူတွေက အောက်တိုဘာလ ၁၃ ရက်မှာ ပြောခဲ့ကြပြီး ကမ္ဘာတစ်ဝန်း Gen Z ဆန္ဒပြ မငြိမ်မသက်မှုတွေအတွင်းမှာ လူငယ်ဆန္ဒပြသူတွေက အစိုးရကို ဖြုတ်ချခဲ့တဲ့ ဒုတိယမြောက်ဖြစ်ရပ် ဖြစ်တယ်လို့ ပြောခဲ့ကြပါတယ်။
ပါလီမန်မှာ အတိုက်အခံခေါင်းဆောင် ဆိုက်နီ ရန်ဒရီယာနာ ဆိုလိုနီအေကိုက သမ္မတ အန်ဒရီ ရာဂျိုလီနာ ဟာ စစ်တပ်မှတပ်ဖွဲ့တွေက ဘက်ပြောင်းကာ ဆန္ဒပြသူတွေနဲ့ ပူးပေါင်းပြီးနောက် မဒါဂတ်စကာနိုင်ငံမှ အောက်တိုဘာလ ၁၂ ရက်မှာ ထွက်ခွာသွားတယ်လို့ Reuters သတင်းဌာနကို ပြောကြားခဲ့ပါတယ်။
ရန်ဒရီယာနာက “ကျွန်တော်တို့ သမ္မတရုံးက ဝန်ထမ်းတွေကို ဆက်သွယ်ရာမှာ သူတို့ကလည်း သမ္မတ ရာဂျိုလီနာဟာ နိုင်ငံကနေ ထွက်သွားပြီလို့ အတည်ပြုခဲ့ပါတယ်” လို့ ပြောခဲ့ပြီး သမ္မတက လက်ရှိ ဘယ်မှာ ရှိနေလဲ မသိရသေးဘူးလို့ ထည့်သွင်းပြောကြားခဲ့ပါတယ်။



သမ္မတရုံးကတော့ ဝေဖန်ပြောကြားမှုတွေအပေါ်တစ်စုံတစ်ရာ တုံ့ ပြန်မှုမရှိခဲ့ပါဘူး။
အောက်တိုဘာလ ၁၃ ရက်ညနေပိုင်းမှာ လူမှုကွန်ရက် Facebook ကနေ နိုင်ငံကို မိန့်ခွန်းတစ်ခုပြောခဲ့ရာမှာတော့ ရာဂျိုလီနာက သူ့ရဲ့အသက်ကိုကာကွယ်ဖို့ သူ့အနေနဲ့ လုံခြုံတဲ့နေရာတစ်ခုကို ရွှေ့ပြောင်းသွားတာဖြစ်တယ် လို့ပြောခဲ့ပါတယ်။ သူဘယ်ရောက်နေတယ်ဆိုတာကို ထုတ်ဖော်မပြောပေမယ့် “မဒါဂတ်စကာနိုင်ငံကို ဖျက်ဆီးဖို့ ခွင့်ပြုမှာ မဟုတ်ဘူး” လို့ သူက ပြောခဲ့ပါတယ်။
မိန့်ခွန်းအပြီး သံတမန်သတင်းရင်းမြစ်ကတော့ ရာဂျိုလီနာက သမ္မတ ရာထူးက ဆင်းပေးဖို့ ငြင်းဆန်နေခဲ့တာလို့ ဆိုပါတယ်။
ရာဂျိုလီနာဟာ ပြင်သစ်ကိုလိုနီဟောင်းဖြစ်တဲ့ မဒါဂတ်စကာနိုင်ငံမှ အောက်တိုဘာလ ၁၂ ရက်မှာ ပြင်သစ်စစ်လေယာဉ်နဲ့ ထွက်ခွာသွားတယ်ဆိုတာ စစ်ဘက်သတင်းရင်းမြစ်တစ်ခုက Reuters သတင်းဌာနကို ပြောခဲ့ပါတယ်။ ပြင်သစ်ရေဒီယို RFI က ရာဂျိုလီနာ ဟာ ပြင်သစ် သမ္မတ အီမာနျူရယ် မက်ခရွန်နဲ့ သဘောတူညီမှု ရခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။
ပြင်သစ်စစ်တပ် လေယာဉ်တစ်စီးဟာ မဒါဂတ်စကာနိုင်ငံ၊ စိန်တီမာရီလေဆိပ်မှာ အောက်တိုဘာလ ၁၂ ရက်က ဆင်းသက်ခဲ့တယ်လို့ ဆိုပါတယ်။ ဒီ့နောက် ငါးမိနစ်အကြာမှာ ရဟတ်ယာဉ်တစ်စင်း ရောက်လာပြီး ရဟတ်ယာဉ်ပေါ်က ခရီးသည်ကို လေယာဉ်ထဲကို လွှဲပြောင်းပေးခဲ့တာလို့ စစ်ဘက်သတင်းရင်းမြစ်က ပြောခဲ့ပြီး ခရီးသည်က ရာဂျိုလီနာ ဖြစ်တယ်လို့ ထပ်လောင်းပြောကြားခဲ့ပါတယ်။
ရေနဲ့ ဓာတ်အားပြတ်တောက်မှုကြောင့် စက်တင်ဘာ ၂၅ ရက်ကစပြီး မဒါဂတ်ိစကာနိုင်ငံမှာ ဆန္ဒပြမှုတွေ စတင်ဖြစ်ပွားခဲ့ပြီး အကျင့်ပျက်ခြစားမှု၊ အုပ်ချုပ်ရေးညံ့ဖျင်းမှုနဲ့ အခြေခံဝန်ဆောင်မှုတွေ ချို့တဲ့မှုတို့အပါအဝင် ကျယ်ပြန့်သော မကျေနပ်ချက်တွေအတွက် လူထုအုံကြွမှုကြီးအဖြစ် လျင်မြန်စွာ ကြီးထွားလာခဲ့တာပါ။
ရာဂျိုလီနာဟာ ၂၀၀၉ ခုနှစ် အာဏာသိမ်းမှုမှာ သူ့ကို ကူညီပေးခဲ့တဲ့ မဒါဂတ်စကာ စစ်တပ်ရဲ့ CAPSAT တပ်ဖွဲ့ထံမှ ထောက်ခံမှုကိုလည်းဆုံးရှုံးခဲ့ရပြီးတဲ့နောက် ပိုလို့ အထီးကျန်ဆန်လာခဲ့ရတာပါ။ CAPSAT က ပြီးခဲ့တဲ့သီတင်းပတ်ကုန်က ဆန္ဒပြသူတွေကို ပစ်ခတ်ဖို့ ငြင်းဆိုခဲ့တဲ့အပြင် မြို့တော် အန်တာနာနာရီဗိုရဲ့ အဓိကရင်ပြင်မှာ ထောင်နဲ့ချီတဲ့ ဆန္ဒပြသူတွေကို စောင့်ကြပ်ပေးခဲ့သေးတာပါ။
စက်တင်ဘာ ၂၅ ရက်ကတည်းက ဆန္ဒပြသူတွေနဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေကြား ရုန်းရင်းဆန်ခတ် ဖြစ်မှုတွေကြောင့် အနည်းဆုံး လူ ၂၂ ဦး သေဆုံးခဲ့တယ်လို့ ကုလသမဂ္ဂက ပြောခဲ့ပါတယ်။
Ref -Reuters
