၁၄. ၁၀. ၂၀၂၅
Translated by Thettant
အီတလီနိုင်ငံတွင် စွန့်ပစ်ထားသော လယ်တောအိမ်တစ်လုံးအတွင်း ဝင်ရောက်နေထိုင်သူများကို ယနေ့ ဖယ်ရှားပေးစဉ် ဖောက်ခွဲတိုက်ခိုက်မှုပြုလုပ်ရာမှဖြစ်ပွားသည့် ပေါက်ကွဲမှုတစ်ခုအတွင်း ရဲအရာရှိ (၃) ဦး သေဆုံးသွားခဲ့သည်။
အီတလီနိုင်ငံ၊ ဗီနက်တိုဒေသ၊ ဗီရိုနာမြို့အနီးရှိ ကက်စ်တယ်ဒ်အဇာနိုမြို့တွင် လယ်တောအိမ်တစ်လုံးအတွင်း ဝင်ရောက်နေထိုင်သူများကို အီတလီစစ်ဘက်ရေးရဲတပ်ဖွဲ့ (Carabinieri) က ဖယ်ရှားမှုပြုလုပ်နေစဉ် အဆိုပါ အိမ်တွင် နေထိုင်သူ မောင်နှမသုံးဦးအနက် နှစ်ဦးက ပေါက်ကွဲစေတတ်သော ပစ္စည်းတစ်မျိုးကို တမင်ဖောက်ခွဲလိုက်ခြင်းကြောင့် ရဲတပ်ဖွဲ့ဝင်သုံးဦး သေဆုံးရခြင်းဖြစ်ကြောင်း အာဏာပိုင်များက ပြောကြားသည်။

ဓာတ်ငွေ့ဘူးများကို ဖောက်ခွဲမှုကြောင့် ဖြစ်နိုင်သည်ဟု ယူဆရသော ယင်းပေါက်ကွဲမှုအတွင်း လယ်တောအိမ်တစ်ခုလုံး လုံးဝ ပြိုကျသွားခဲ့သည်။
ရဲတပ်ဖွဲ့၏ ပြောကြားချက်အရ အသက် ၆၀ အရွယ်ရှိ မောင်နှမနှစ်ဦးကို ပေါက်ကွဲမှုဖြစ်ပြီးနောက် ဖမ်းဆီးထားပြီး ၎င်းတို့၏ တတိယမြောက် မောင်နှမတစ်ဦးမှာ ထွက်ပြေးတိမ်းရှောင်နေသည်ဟု သိရသည်။
အီတလီမီဒီယာများ၏ ဖော်ပြချက်အရ ပေါက်ကွဲသံကို ၅ ကီလိုမီတာ (၃.၁ မိုင်) အကွာအဝေးအထိ ကြားခဲ့ရသည်ဟု ဆိုသည်။
ကာကွယ်ရေးဝန်ကြီး ဂွီဒို ခရိုစက်တိုက သေဆုံးသွားသော ရဲအရာရှိများဖြစ်သည့် မာကို ပီဖာရီ၊ ဒေးဗစ်ဒီ ဘာနာဒယ်လိုနှင့် ဗလာရီယို ဒါပရာ တို့ကို ဂုဏ်ပြုစကားပြောကြားခဲ့သည်။
“ဒီလို ဝမ်းနည်းကြေကွဲဖွယ်ရာ အချိန်အခါမှာ ကာကွယ်ရေးဝန်ကြီးအနေနဲ့၊ ဖခင်တစ်ဦးအနေနဲ့၊ နိုင်ငံသားတစ်ဦးအနေနဲ့ ကျွန်တော့်ကိုယ်စား၊ ကာကွယ်ရေးဝန်ကြီးဌာနရှိ အမျိုးသား၊ အမျိုးသမီးတိုင်းကိုယ်စား၊ သေဆုံးသူများရဲ့ မိသားစုများ၊ ချစ်ခင်ရသူများနဲ့ ကာရာဘီနီရီ တပ်ဖွဲ့ဝင်အားလုံးအတွက် အလေးအနက်ဆုံးသော ဝမ်းနည်းကြောင်း ပြောကြားအပ်ပါတယ်” ဟု ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

အာဏာပိုင်များ၏ ပြောကြားချက်အရ ပြီးခဲ့သည့်နှစ်က စတင်နေထိုင်ခဲ့ကြသော အဆိုပါ မောင်နှမများကို “စွန့်ပစ်ထားသောအဆောက်အအုံ” မှ ဖယ်ရှားရန် ယခုသည် ဒုတိယအကြိမ် ကြိုးပမ်းမှုဖြစ်သည်ဟု သိရသည်။ ပြီးခဲ့သည့်နှစ်ကလည်း ၎င်းတို့က အိမ်ကို ဖောက်ခွဲပစ်မည်ဟု ခြိမ်းခြောက်ခဲ့သောကြောင့် ဖယ်ရှားရေး ကြိုးပမ်းမှုတစ်ခု ပျက်ပြားခဲ့ဖူးကြောင်း သိရသည်။
ကက်စ်တယ်ဒ်အဇာနို၏ ဒုတိယမြို့တော်ဝန် အန်တိုနယ်လို ပန်နူချီယို ကလည်း ကျူးကျော်နေထိုင်သူ မောင်နှမများသည် ထိုအိမ်က မထွက်လိုကြဘဲ အိမ်ခေါင်မိုးအောက်ခန်းတွင် ဓာတ်ငွေ့များ ပြည့်အောင် လုပ်ဆောင်နေသည် ဟု ဒေသတွင်း မီဒီယာများကို ပြောကြားခဲ့သည်။
“အထူးတပ်ဖွဲ့တွေက ပြည်နယ်အပြင်ဘက်က လာနေတာကြောင့် ဒီစစ်ဆင်ရေးကို စနစ်တကျ စီစဉ်ခဲ့ပါတယ်။ ဒဏ်ရာရနိုင်တယ်ဆိုတာ သိထားတဲ့အတွက် လူနာတင်ယာဉ်တွေနဲ့ပါ စီစဉ်ထားခဲ့ပေမဲ့၊ ဘယ်သူမှ ဒီလို ပေါက်ကွဲမှုကြီးကို ဖန်တီးထားလိမ့်မယ်လို့ မထင်မှတ်ခဲ့မိပါဘူး။ ဒီပေါက်ကွဲမှုက ၅ ကီလိုမီတာ ပတ်လည်အထိကို ကြားခဲ့ရတာပါ” ဟု ၎င်းက ထပ်မံပြောကြားခဲ့သည်။
အီတလီဝန်ကြီးချုပ် ဂျော်ဂျီယာ မယ်လိုနီကလည်း “ကာရာဘီနီရီ ရဲအရာရှိသုံးဦး ဝမ်းနည်းဖွယ် သေဆုံးသွားကြောင်း သိရှိရတဲ့အတွက် အလွန်ဝမ်းနည်းမိပါတယ်။ ကျွန်မကိုယ်စားနဲ့ အစိုးရကိုယ်စား သေဆုံးသူများရဲ့ မိသားစုများထံ ဝမ်းနည်းကြောင်း အနက်ရှိုင်းဆုံး ဖော်ပြအပ်ပါတယ်” ဟု X (ယခင် Twitter) တွင် ရေးသားခဲ့သည်။
Carabinieri (ကာရာဘီနီရီ) စစ်ဘက်ရေးရာရဲတပ်ဖွဲ့သည် အီတလီနိုင်ငံ၏ တရားဥပဒေစိုးမိုးရေးအတွက် အဓိကကျသော၊ စစ်ဘက်ပုံစံမျိုး ဖွဲ့စည်းထားသည့် အမျိုးသားရဲတပ်ဖွဲ့ဖြစ်သည်။
Ref, The Independent
