၁၄.၁၀.၂၀၂၅
Written by Hey Mar
အစုန် အဆန် ရထားတွေ ဖြတ်သန်းသွားလာချိန် ရထားပေါ်က ကြဲချတဲ့ ပိုက်ဆံ၊ သကြားလုံး စတဲ့ သွားရေစာတွေ လိုက်ကောက်ရင်း ရထားဖြတ်တဲ့အရှိန်ကြောင့် လေဟပ်ပြီး ကလေးတစ်ဦး နောက်ပြန် လဲကျရာက ဦးခေါင်းပြင်းထန်ဒဏ်ရာနဲ့ မနေ့က အောက်တိုဘာ ၁၃ ရက်နေ့ မနက်အစောပိုင်းက ဆေးရုံမှာကုသစဉ် သေဆုံးခဲ့တယ်လို့ ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့အခြေပြု အနာဂတ်ကြယ်ပွင့် သွေးနှင့် ပရဟိတအသင်းထံကနေ သိရပါတယ်။
အဆိုပါဖြစ်စဉ်က အောက်တိုဘာ ၁၂ ရက်နေ့ နေ့ခင်းပိုင်းက ပဲခူးဘူတာ မဝင်ခင် အုတ်ဖိုကျုံးရိုးလို့ခေါ်တဲ့ မီးရထားကျူးတွေ နေထိုင်ရာ ရထားလမ်းနံဘေးမှာ ဖြစ်ပွားခဲ့တာလို့ သိရပါတယ်။

ဒဏ်ရာရသေဆုံးတဲ့ ကလေးငယ်က အသက် ၆ နှစ်ဝန်းကျင်အရွယ်ယောကျ်ားလေးဖြစ်ပြီး ရထားသံလမ်းဘေးမှာ မိသားစုနဲ့အတူ နေထိုင်သူပါ။ သူတို့ကလေးတစ်သိုက်က အစုန် အဆန် ရထားတွေ သူတို့ရှေ့က ဖြတ်တိုင်း ရထားလားရာနောက်ကို ပြေးလိုက်ကာ မုန့်ဖိုးပစ်ချဖို့၊ မုန့်ပစ်ချဖို့ အော်ရင်း လိုက်ကြတာမို့ ရထားစီးခရီးသည်တွေကလည်း ပစ်ချပေးလေ့ရှိကြတယ်လို့ သိရပါတယ်။
အနာဂတ်ကြယ်ပွင့် သွေးနှင့် ပရဟိတအသင်း တာဝန်ရှိသူက “ကလေးက ရထားလမ်းဘေး ရပ်နေတုန်း ရထားအရှိန်နဲ့အဖြတ် လေဟပ်ပြီး နောက်ပြန်လဲကျတာမှာ လမ်းပေါ်က ရထားလမ်းခင်းကျောက်တွေနဲ့ ခေါင်းထိမိတာ။ ကလေးဆိုတော့ နုနယ်တော့လည်း ပြင်းပြင်း ထန်ထန် ဖြစ်သွားပုံရပါတယ်။ ရထားနဲ့ တိုက်မိတာ ပြုတ်ကျတာမျိုးတော့ မဟုတ်ပါဘူး။ ရထားပေါ်က ကြဲတဲ့ ပိုက်ဆံကို လိုက်ကောက်ရာကဖြစ်တာ။ အခုလို ပိုက်ဆံကြဲတာ၊ တောင်းတာတွေက မလုပ်သင့်တော့ဘူး။ အခုဆို ကြုံရပြီ” လို့ MT News က ဆက်သွယ်မေးမြန်းတာကို ပြန်လည်ဖြေကြားပါတယ်။
ကလေးမိဘတွေက ကျပမ်းလုပ်သားတွေဖြစ်ကြပြီး ကလေးဖြစ်လျင်ဖြစ်ခြင်း ပဲခူးဆေးရုံကြီးဆီတင်ပို့ရာမှာ ပဲခူးဆေးရုံက ရန်ကုန်မြောက်ဥက္ကလာပဆေးရုံဆီ ထပ်မံလွှဲပြောင်းပေးခဲ့ပြီး အဲဒီ့ဆေးရုံမှာပဲ အောက်တိုဘာ ၁၃ ရက်နေ့ မနက် ၃ နာရီ ဝန်းကျင်မှာ ဆုံးပါးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
