◾️ ရန်ကုန်မြို့ရှိ မြို့နယ် ၈ ခုအတွင်း မော်တော်ယာဉ်ဖြင့် လှည့်လည်စစ်ဆေးခဲ့ပြီး လမ်းဘေးဝဲယာရှိ ဈေးဆိုင်များ စနစ်တကျရောင်းချနိုင်ရေး သတ်မှတ်စည်းကမ်းများနှင့်အညီ ကြပ်မတ်ဆောင်ရွက်ရန်ပါ မှာကြား
၁၀. ၁၀. ၂၀၂၅
Written by Nyein Kyaw
ရန်ကုန်မြို့တော်ဖွံ့ဖြိုးရေးအတွက် စံပြုအိမ်ရာတစ်ခုအဖြစ် တည်ဆောက်နေသည့် မြန်မာ့သားကောင်း အဆင့်မြင့်စစ်မှုထမ်းဟောင်းအိမ်ရာ (လေးထောင့်ကန်)အတွင်းရှိ လမ်းများအား ကတ္တရာလမ်းဖြင့် အဆင့်မြှင့်တင်ပေးရန် မြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ယနေ့တွင် အဆိုပါ အိမ်ရာအတွင်း သွားရောက်ကြည့်ရှု့စစ်ဆေးစဉ် မှာကြားသည်။
မြန်မာ့သားကောင်း အဆင့်မြင့်စစ်မှုထမ်းဟောင်းအိမ်ရာ(လေးထောင့်ကန်)အား ရန်ကုန်မြို့တော်ဖွံ့ဖြိုးရေးအတွက် တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုသည့် စံပြုအိမ်ရာတစ်ခုအဖြစ် ရည်မှန်းဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ အိမ်ရာအတွင်းရေမြောင်းများအား ရေစီးရေလာကောင်းမွန်စေရေး ဆောင်ရွက်ရာတွင် သတ်မှတ်ချက်များနှင့်အညီ ဆောင်ရွက်ရန်နှင့် ပိတ်ဆို့မှုများမရှိစေရေး စနစ်တကျဆောင်ရွက်သွားရန်လိုကြောင်း ယာယီသမ္မတက ပြောကြားသည်။

အိမ်ရာဝန်းအတွင်းရှိ လမ်းများအား ကတ္တရာလမ်းအဖြစ် အဆင့်မြှင့်တင် ပေးသွားရန်လိုကြောင်း၊ အိမ်ရာအတွက်လိုအပ်သည့် စာသင်ကျောင်းနှင့် ရေ၊ မီး လိုအပ်ချက်များကိုလည်း ထပ်မံဖြည့်ဆည်း ဆောင်ရွက်ပေးသွားရမည်ဖြစ်ကြောင်း၊ အိမ်ရာအတွင်းနေထိုင်သည့် စစ်မှုထမ်းဟောင်းများနှင့် မိသားစုဝင်များ၏ စားရေးကို အထောက်အကူပြုစေရန်အတွက် မွေးမြူရေးလုပ်ငန်းများနှင့် စိုက်ပျိုးရေးလုပ်ငန်းများကိုလည်း ဆောင်ရွက်သွားရန်လိုကြောင်း၊ အလားတူ အရိပ်ရလေကာပင်များကိုလည်း စနစ်တကျ ဆက်လက်စိုက်ပျိုးသွားရန်လိုကြောင်းနှင့် အခြားလိုအပ်သည်များကို ယာယီသမ္မတက လမ်းညွှန် မှာကြားသည်။
ထို့နောက် ယာယီသမ္မတနှင့် အဖွဲ့ဝင်များသည် စစ်မှုထမ်းဟောင်းအိမ်ရာအတွင်း မော်တော်ယာဉ်များဖြင့် လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး အိမ်ရာတွင်နေထိုင်လျက်ရှိသည့် စစ်မှုထမ်းဟောင်းများနှင့် မိသားစုဝင်များကို ရင်းရင်းနှီးနှီးနှုတ်ဆက်ပြီးနောက် မြန်မာ့သားကောင်း အဆင့်မြင့် စစ်မှုထမ်းဟောင်းအိမ်ရာ(လေးထောင့်ကန်)အနီး ဘုရင့်နောင်လမ်းနှင့် အမှတ်(၇)လမ်းထောင့်နေရာတွင် တည်ဆောက်လျက်ရှိသည့် Shopping Complex လုပ်ငန်းခွင်သို့ ရောက်ရှိကြည့်ရှု့စစ်ဆေးပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့သည်။

ယင်းနောက် ယာယီသမ္မတ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်၊ သင်္ဃန်းကျွန်းမြို့နယ်၊ သာကေတမြို့နယ်၊ တာမွေမြို့နယ်၊ ဗဟန်းမြို့နယ်၊ ဒဂုံမြို့နယ်၊ ကမာရွတ်မြို့နယ်တို့အတွင်း မော်တော်ယာဉ်များဖြင့် လှည့်လည်ကြည့်ရှု စစ်ဆေးပြီး တာဝန်ရှိသူများအား လမ်းဘေးဝဲယာရှိ ဈေးဆိုင်များစနစ်တကျဖြင့် ရောင်းချနိုင်ရေး သတ်မှတ်စည်းကမ်းများနှင့်အညီ ကြပ်မတ်ဆောင်ရွက်သွားရန် မှာကြားခဲ့သည်။
ထို့ပြင် ရန်ကုန်မြို့အတွင်း ရေစီးရေလာများကောင်းမွန်စေရေးနှင့် ရေထုတ်စနစ်များ ကောင်းမွန်စေရေး ဆောင်ရွက်သွားရန်၊ Green Zone များအား စနစ်တကျ ဖော်ဆောင်သွားရန်နှင့် လမ်းများအား လမ်းအင်္ဂါရပ်များနှင့်အညီ ဖြစ်စေရေးဆောင်ရွက်သွားရန်၊ အဆောက်အဦများ အားသန့်ရှင်းသပ်ရပ် တောက်ပြောင်မှုရှိနေစေရေး ဆောင်ရွက်သွားရန်နှင့် အခြားလိုအပ်သည်များကို ယာယီသမ္မတ လမ်းညွှန်မှာကြားခဲ့သည်။
