MT News
၁၀. ၁၀. ၂၀၂၅
ရုရှားသမ္မတ ပူတင်က အဇာဘိုင်ဂျန် သမ္မတ Ilham Aliyev နှင့် အောက်တိုဘာ ၉ ရက် တွေ့ဆုံဆွေးနွေးရာတွင် လွန်ခဲ့သည့်နှစ် ဒီဇင်ဘာလအတွင်းက အဇာဘိုင်ဂျန်လေကြောင်းလိုင်း ခရီးသည်တင်လေယာဉ် ပျက်ကျမှုနှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးမှု အခြေအနေကို အသေးစိတ် ထုတ်ပြန်ပြောကြားခဲ့ပြီး ယင်းလေယာဉ် ပျက်ကျရသည့် အကြောင်းရင်းမှာ ရုရှားဒုံးကျည် ပေါက်ကွဲပြီးနောက် အပိုင်းအစများထိမှန်ခြင်းကြောင့် ဖြစ်နိုင်ကြောင်း၊ ရုရှားအနေဖြင့် လျော်ကြေးပေးရန် ဆန္ဒရှိကြောင်း ပြောကြားခဲ့သည်ဟု ရုရှားသမ္မတ ဝက်ဘ်ဆိုက်က ဖော်ပြခဲ့သည်။
ပူတင်သည် အဆိုပါနေ့တွင် တာဂျစ်ကစ္စတန်နိုင်ငံ မြို့တော် ဒူရှန်ဘီ၌ Aliyev နှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။ ပူတင်က လေယာဉ်ပျက်ကျမှု ဖြစ်ပွားပြီးနောက် ၎င်းသည် ချက်ချင်းပင် Aliyev နှင့် ဖုန်းပြောဆိုမှုတွင် တောင်းပန်ခဲ့ပြီး သေဆုံးသူ၏ မိသားစုဝင်များအပေါ် စိတ်ရင်းမှန်ဖြင့် ဝမ်းနည်းကြောင်း ပြောကြားခဲ့သည်။
ထိုဖြစ်ရပ်မှာ ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၂၅ ရက်တွင် အဇာဘိုင်ဂျန်မြို့တော် ဘာကူမြို့မှ ရုရှားနိုင်ငံ Grozny မြို့သို့ ပျံသန်းသော အဇာဘိုင်ဂျန်လေကြောင်းလိုင်းကုမ္ပဏီ၏ ခရီးသည်တင်လေယာဉ်တစ်စင်းသည် ကာဇက်စတန်အနောက်ပိုင်းမြို့ Aktau မြို့အနီး ဆင်ခြေဖုံးတွင် ပျက်ကျခဲ့သည်။ လေယာဉ်ပေါ်တွင် စုစုပေါင်း ခရီးသည် ၆၇ ဦး ပါရှိပြီး ယင်းတို့အနက် ၃၈ ဦးသေဆုံးခဲ့သည့်ဖြစ်ရပ်အပေါ် ပူတင်က ပြောကြားလာခြင်းဖြစ်သည်။
လက်ရှိတွင် စုံစမ်းစစ်ဆေးမှုသည် ပြီးဆုံးခါနီးပြီဖြစ်ကာ ဤကြေကွဲဖွယ်ဖြစ်ရပ်၏ အကြောင်းရင်းများကို ဆွေးနွေးနိုင်မည်ဖြစ်ကြောင်း၊ လေယာဉ်ပျက်ကျမှုသည် အကြောင်းရင်းများစွာကြောင့် ဖြစ်ပွားခဲ့ကြောင်း၊ ပထမဦးစွာ ထိုညတွင် ရုရှား-ယူကရိန်းနယ်စပ်ကို ကျော်ဖြတ်လာသည့် ယူကရိန်း ဒရုန်းသုံးစင်းကို ရုရှားဘက်က ခြေရာခံမိခဲ့ကြောင်း၊ ဒုတိယအနေဖြင့် ရုရှား လေကြောင်းရန်ကာကွယ်ရေးစနစ်သည်လည်း နည်းပညာဆိုင်ရာ ချို့ယွင်းမှု ဖြစ်ခဲ့ကြောင်း၊ ရုရှားဘက်မှ ပစ်လွှတ်ခဲ့သည့် ဒုံးကျည်နှစ်စင်းသည် ခရီးသည်တင်လေယာဉ်မှ မီတာ ဒါဇင်ခန့်အကွာတွင် ပေါက်ကွဲခဲ့ရာ ယင်းမှာ အလိုအလျောက် ဖျက်ဆီးသော ယန္တရားကြောင့် ဖြစ်နိုင်ကြောင်း၊ ဒုံးကျည် ပေါက်ကွဲပြီးနောက် အပိုင်းအစများက ခရီးသည်တင်လေယာဉ်ကို ထိမှန်ခြင်းကြောင့် ဖြစ်နိုင်ခြေရှိကြောင်း ၎င်းက ပြောကြားခဲ့သည်။
ယင်းမှာ ခရီးသည်တင် လေယာဉ်ကို “ငှက်အုပ် ဝင်တိုက်မိကြောင်း” လေယာဉ်မှူးများက ရုရှားလေကြောင်းထိန်းသိမ်းရေးဝန်ထမ်းများထံ အကြောင်းကြားရသည့် အကြောင်းရင်းဖြစ်ကြောင်း၊ ပျက်ကျခဲ့သော ခရီးသည်တင်လေယာဉ်၏ “Black Box” မှတ်တမ်းအချက်အလက်များအရ လေယာဉ်မှူးသည် လေယာဉ်နှင့် ငှက်အုပ် တိုက်မိသည်ဟု အထင်မှားကာ ရုရှားလေကြောင်းထိန်းသိမ်းရေးဝန်ထမ်းများထံ အကြောင်းကြားခဲ့ကြောင်း၊ ရုရှားလေကြောင်းထိန်းသိမ်းရေးဝန်ထမ်းများက ခရီးသည်တင်လေယာဉ်အား ရုရှားနိုင်ငံ Makhachkala မြို့တွင် ဆင်းသက်ရန် အကြံပြုခဲ့သော်လည်း လေယာဉ်မှူးက မူလထွက်ခွာခဲ့သည့်နေရာသို့ ပြန်သွားပြီး ကာဇက်စတန်နိုင်ငံသို့ ပျံသန်းရန် ဆုံးဖြတ်ခဲ့ကြောင်း ပူတင်က ပြောကြားခဲ့သည်။
ရုရှားသည် လက်ရှိအချိန်အထိ ရရှိထားသည့် အခြေအနေအားလုံးကို အဇာဘိုင်ဂျန်ထံ ယေဘုယျအားဖြင့် အသိပေးထားပြီးဖြစ်ကြောင်း၊ လျော်ကြေးပေးခြင်းအပါအဝင် လုပ်ဆောင်ရမည့် တာဝန်ဝတ္တရားအားလုံးကို ရုရှားဘက်က ထမ်းဆောင်လိုက်နာသွားမည်ဖြစ်ပြီး သက်ဆိုင်ရာအရာရှိများ၏ လုပ်ရပ်များအပေါ် ဥပဒေကြောင်းအရ အကဲဖြတ်မှုများ ပြုလုပ်မည်ဖြစ်ကြောင်း ပူတင်က ပြောကြားခဲ့သည်။
ရုရှားသမ္မတ ဝက်ဘ်ဆိုက်သတင်းအရ Aliyev က တွေ့ဆုံဆွေးနွေးမှုအတွင်း ရုရှားဘက်မှ စုံစမ်းစစ်ဆေးမှု အသေးစိတ် အချက်အလက် ပံ့ပိုးပေးခြင်းနှင့် ပူတင် ကိုယ်တိုင် စုံစမ်းစစ်ဆေးမှုအား ကြီးကြပ်ပေးခြင်းအတွက် ကျေးဇူးတင်ကြောင်း၊ “စုံစမ်းစစ်ဆေးမှုက ကိစ္စရပ်အားလုံးကို ဓမ္မဓိဋ္ဌာန်ကျကျ ကိုင်တွယ်ဖြေရှင်းနိုင်မယ်လို့ ယုံကြည်ကြောင်း” ပြောကြားခဲ့သည်။
