၆.၁၀.၂၀၂၅.
Translated by Htwe Ko Tun
ဂါဇာစစ်ပွဲပြီးဆုံးရေးအတွက် အစ္စရေးနဲ့ ဟားမားစ်တို့ရဲ့ သွယ်ဝိုက်သော ညှိနှိုင်းဆွေးနွေးပွဲရဲ့ ပထမနေ့ကို အီဂျစ်နိုင်ငံမှာ အောက်တိုဘာလ ၆ ရက်က ကျင်းပခဲ့တာမှာ အပြုသဘောဆောင်တဲ့ မှတ်ချက်နဲ့ ဆွေးနွေးပွဲကို အဆုံးသတ်နိုင်ခဲ့တယ်လို့ သတင်းတွေက ဖော်ပြခဲ့သလို ညှိနှိုင်းဆွေးနွေးပွဲတွေနဲ ရင်းနှီးတဲ့ သတင်းရင်းမြစ်တွေကလည်း စေ့စပ်ညှိနှိုင်းမှုတွေ ဆက်လက်လုပ်ဆောင်ဖို့ တိုးတက်မှုရှိတယ်လို့ ပြောကြားခဲ့ကြပါတယ်။
အီဂျစ်နိုင်ငံမှာ အစ္စရေးနဲ့ ဟားမားစ်တို့အကြား သွယ်ဝိုက်သော ဆွေးနွေးပွဲတွေ ပြန်လည်စတင်တဲ့ ပထမနေ့ဟာ အမေရိကန်သမ္မတ ဒေါ်နယ် ထရမ့်ပ်ရဲ့ ဂါဇာစစ်ပွဲအဆုံးသတ်ရေး အစီအစဉ် ၂၀ ကို အကောင်အထည်ဖော်ဖို့ သဘောတူညီချက်တစ်ခု ရရှိရေး အလားအလာရှိတဲ့ မျှော်လင့်ချက်နဲ့ ပြီးဆုံးခဲ့တယ်လို့ သတင်းရင်းမြစ်အများအပြားက ပြောခဲ့ကြပါတယ်။
ညှိနှိုင်းဆွေးနွေးရေးသမားတွေအနေနဲ့ ဒီနေ့ အောက်တိုဘာ ၇ ရက်မှာတော့ ပိုမိုကျယ်ပြန့်တဲ့ဆွေးနွေးမှုတွေ ပြုလုပ်ကြမှာပါ။
အောက်တိုဘာလ ၆ ရက်က ပင်လယ်နီအပန်းဖြေမြို့ ရှမ်အယ်လ်ရှိတ်မြို့မှာ တွေ့ဆုံမှုက အပြုသဘောဆောင်ပြီး လက်ရှိဆွေးနွေးပွဲတွေ ဘယ်လိုဆက်လက်ပြုလုပ်မလဲဆိုတဲ့ လမ်းပြမြေပုံကို ရေးဆွဲထားခဲ့တယ်လို့ သတင်းရင်းမြစ်တွေက ဆိုပါတယ်။
အစ္စရေးရဲ့ဂါဇာကမ်းမြောင်ကို ဆက်လက်ဗုံးကြဲတိုက်ခိုက်နေမှုဟာ သုံပန်းတွေ ပြန်လွှတ်ပေးဖို့ စေ့စပ်ညှိနှိုင်းရာမှာ စိန်ခေါ်မှုတစ်ရပ်ဖြစ်နေတယ်လို့ ဟားမားစ်အဖွဲ့က ကြားဝင်စေ့စပ်သူတွေကို ပြောခဲ့ပါတယ်။
ဟားမားစ် ကိုယ်စားလှယ်အဖွဲ့မှာ ဟားမားစ်ခေါင်းဆောင်တွေဖြစ်တဲ့ ခါလီ အယ်လ် ဟေရာနဲ့ ဇီဟာ ရာဘာရင်တို့ပါဝင်ပါတယ်။ သူတို့နှစ်ဦးက စက်တင်ဘာလက လူငါးဦး သေဆုံးခဲ့ရတဲ့ ကာတာနိုင်ငံ၊ ဒိုဟာမြို့လယ်မှာ အစ္စရေးရဲ့ လုပ်ကြံသတ်ဖြတ်မှုကနေ အသက်ရှင်လွတ်မြောက်ခဲ့သူနှစ်ဦးဖြစ်ပါတယ်။
ပထမနေ့ဆွေးနွေးပွဲမှာ အကျဥ်းသားတွေနဲ့ သုံပန်းတွေ လဲလှယ်ဖို့၊ အပစ်အခတ်ရပ်စဲဖို့နဲ့ ဂါဇာကမ်းမြောင်ကို လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ ပေးအပ်ဖို့ဆိုတဲ့ အချက်တွေပါဝင်တယ်လို့ သိရပါတယ်။
အမေရိကန် သမ္မတ ဒေါ်နယ်ဒ် ထရမ့်ပ်က အိမ်ဖြူတော်၊ Oval ခန်းမမှာ သတင်းထောက်တွေကို “ကျွန်တော်တို့မှာ သဘောတူညီချက်တစ်ခုပြုလုပ်ဖို့ အလွန်ကောင်းမွန်တဲ့အခွင့်အရေးရှိနေပါတယ်” လို့ အောက်တိုဘာလ ၆ ရက် မွန်းလွဲပိုင်းက ပြောကြားခဲ့ပါတယ်။ ဟားမားစ်တို့က အရမ်းအရေးကြီးတဲ့ အချက်တွေကို သဘောတူခဲ့တယ်လို့ ကျွန်တော်ထင်ပါတယ် လို့လည်း ထရမ့်ပ်က ပြောခဲ့ပါတယ်။
အစ္စရေးကို ဟားမားစ်တို့က ဝင်ရောက်တိုက်ခိုက်လို့ လူပေါင်း ၁,၁၃၉ ဦး သေဆုံးပြီး လူ ၂၀၀ ခန့်ကို ဖမ်းဆီးခေါ်ဆောင်သွားတာ နှစ်နစ်ပြည့်မြောက်တဲ့ ဒီနေ့ အောက်တိုဘာ ၇ ရက်မှာဆွေးနွေးပွဲတွေကို ဆက်လက်ပြုလုပ်ဖို့ မျှော်လင့်ထားတယ်လို့ အီဂျစ် Al-Qahera သတင်းစာက အတည်ပြုဖော်ပြခဲ့ပါတယ်။
ထိုအချိန်မှစပြီး ဂါဇာကမ်းမြောင်ကို အစ္စရေးတပ်ဖွဲ့တွေရဲ့တိုက်ခိုက်မှုအတွင်း ဂါဇာမှာ အနည်းဆုံး ပါလက်စတိုင်း ၆၇,၁၆၀ ဦး သေဆုံးပြီး ၁၆၉,၆၇၉ ဦး ဒဏ်ရာရရှိခဲ့လို့ အစ္စရေးက အကျိုးအမြတ်မယူတဲ့ အဖွဲ့တွေအပါအဝင် လူ့အခွင့်အရေးအဖွဲ့တွေနဲ့ လူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာ ပညာရှင်တွေ ခေါင်းဆောင်ပြီး ကုလသမဂ္ဂ စုံစမ်းရေးကော်မရှင်က လူမျိုးတုံးသတ်ဖြတ်မှုအနေနဲ့လည်း စုံစမ်းမှုပြုခဲ့ပါတယ်။
Ref- Al Jazeera
