၇. ၁၀. ၂၀၂၅
Written by Nay Moe
စစ်ကိုင်းတိုင်းဒေသကြီး၊ ချောင်းဦးမြို့နယ် အတွင်း သီတင်းကျွတ်ကာလ ဆီမီးသပိတ် ပြုလုပ်ကာ အော်ဟစ်နေကြတဲ့ လူအုပ်ကြားကို ဗုံးကြဲတိုက်ခိုက်မှုမှာ လူအုပ်ကြား တည့်တည့်ကျလို့ PDF တွေ၊ တက်ကြွလှုပ်ရှားသူတွေအပါအ၀င် လူ ၂၀ ခန့် သေဆုံးသွားပြီး ၄၀ ကျော် ဒဏ်ရာရရှိထားတယ်လို့ ကနဦး သိရပါတယ်။
ဒီဖြစ်စဥ်က PDF တွေ၊ တက်ကြွလှုပ်ရှား ဆန္ဒပြသူတွေ၊ ဒေသခံ သပိတ်အဖွဲ့တွေ စုဝေးအခြေစိုက်ထားတဲ့ ချောင်းဦးမြို့နယ်၊ ညောင်ပင်သာအုပ်စု၊ ဘုံတိုရွာ စာသင်ကျောင်းမှာ မနေ့က အောက်တိုဘာ ၆ ရက် ည ၈ နာရီခွဲခန့်အချိန် ဆီမီးသပိတ်ပြုလုပ်ကာ ဆန္ဒပြ အော်ဟစ်နေကြချိန် ပါရာမော်တာ (လေထီးတပ် စက်ယာဥ်) က ၁၂၀ မမ ဗုံးသီးနှစ်လုံးကြဲချခဲ့တာကနေ သေဆုံးဒဏ်ရာ ရကုန်ကြတာပါ။ ကနဦးမှာ သေဆုံးသူ ၂၀ ဦးလို့ သိရပေမယ့် ဒဏ်ရာရသူ ၄၀ ကျော်ထဲ အပြင်းအထန်ထိခိုက်သူများလို့ သေဆုံးသူတွေ ထပ်တိုးလာနိုင်သေးတဲ့အခြေအနေပါ။
NUG ရဲ့ ညွှန်ကြားခိုင်းစေမှုအရ ည မှောင်ချိန်မှာ ဒေသခံ PDF တွေ၊ သပိတ်အဖွဲ့တွေက ဆီမီးသပိတ်လုပ်နေကြရပြီး ဒီလို ဆီမီးသပိတ်တွေကို Live လွှင့်တာ၊ ဆီမီးသပိတ်လုပ်နေကြောင်း ချက်ချင်းပုံတင်တာတွေက ညအမှောင်ထဲ ထီးထီးကြီးဖြစ်နေတဲ့ ဆီမီးသပိတ်လုပ်နေသူတွေကို ပစ်မှတ်ရှာဖွေရ လွယ်စေခဲ့တာဖြစ်ပြီး ဒီလို ဆီမီးသပိတ်လုပ်ဖို့ ညွှန်ကြားတဲ့ NUG ကိုလည်း ဝေဖန်ရှုတ်ချမှုတွေ ရှိနေပါတယ်။
“ဒေသခံ သပိတ်အဖွဲ့တွေ စုပေါင်းပြီး ညအမှောင်ထဲ သပိတ်လုပ်ကြတော့ ထီးထီးကြီး ထင်းနေတာကို တော်လှန်ဆီမီးသပိတ်ဘာညာ အော်ဟစ်ကြတော့ ပစ်မှတ်ရှာရလွယ်သွားတာပေါ့။ NUG မှာ အဓိက တာဝန်ရှိတယ်”လို့ စတင်တဲ့ Phyo Wai Kyaw အကောင့်မှာ FB User တစ်ဦးက မှတ်ချက်ပြုထားသလို အခြားတစ်ဦးကလည်း “ကိုယ်ချင်းမစာဘူးလို့ဘဲ ပြောပြော ဒီလိုအချိန်မှာ ဘာလို့ ဒီလို မီးထွန်းသပိတ်လုပ်နေရတာလဲ နားမလည်တော့ဘူးဗျ။ မုံရွာကိုမီးပေးထားပြီး တစ်မြို့လုံး လင်းထိန်နေတယ်။ အဲ့လို အချိန်မီးထွန်းသပိတ်လုပ်တော့ မြင်ကွင်းကြီးက ထင်ရှားနေမှာပဲဗျ။ ဒီစာရေးနေတဲ့အချိန်ထိ ခေါင်းပေါ်က ပါရာမိုတာဖြတ်ပျံနေတုန်းပဲ။ လုံခြုံရေးအသိ သတိ ပေါ့လျော့ကြတာလည်းတကယ်စဥ်းစားမရတော့လို့ပါဗျာ။ သပိတ်တွေက ဒီအချိန်ဒီကာလမှာ ထိကောထိရောက်ပါရဲ့လားဗျာ”လို့လည်း မှတ်ချက်ပြုထားပါတယ်။
