၆. ၁၀. ၂၀၂၅
Written by Nyein Kyaw
မြန်မာ-ဘယ်လာရုစ် နှစ်နိုင်ငံအကြား လက်မှတ်ရေးထိုးပြီးဖြစ်သည့် ဖွံ့ဖြိုးမှုပူးပေါင်းဆောင်ရွက်ရေးစာလွှာကို အခြေခံရေဆွဲနေသည့် လမ်းပြမြေပုံ ( ၂၀၂၆-၂၀၂၈) အပြီးသတ်ရေးဆွဲနိုင်ရေး ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝါဝါမောင်နှင့် ဘယ်လာရုစ် နိုင်ငံခြားရေးဝန်ကြီးတို့ ဆွေးနွေးခဲ့သည်။
မြန်မာ-ဘယ်လာရုစ် ကုန်သွယ်ရေးနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုပူးတွဲကော်မတီ၏ ဒုတိယအကြိမ်အစည်းအဝေးကို အောက်တိုဘာ ၂ ရက်တွင် ဘယ်လာရုစ်နိုင်ငံခြားရေးဝန်ကြီးဌာန၌ ပူးတွဲဥက္ကဋ္ဌများဖြစ်ကြသည့် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝါဝါမောင်နှင့် ဘယ်လာရုစ်သမ္မတနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ကြီးမစ္စတာမက်ဆင်း ရူဇန်ကော့ဗ်တို့က ဦးဆောင်ကျင်းပခဲ့ခြင်းဖြစ်သည်။
အစည်းအဝေးတွင် နိုင်ငံ့ခေါင်းဆောင်များ မတ်လအတွင်း တွေ့ဆုံစဉ် နှစ်နိုင်ငံအကြား လက်မှတ်ရေးထိုးခဲ့သည့် စာချုပ်စာတမ်းများ အကောင်အထည်ဖော်ရေး ကိစ္စရပ်များကိုလည်းကောင်း၊ လက်မှတ်ရေးထိုးပြီးဖြစ်သည့် ဖွံ့ဖြိုးမှုပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ရည်ရွယ်သည့်စာလွှာကို အခြေခံ၍ရေးဆွဲလျက်ရှိသည့် လမ်းပြမြေပုံ (၂၀၂၆-၂၀၂၈) အပြီးသတ်ရေးဆွဲရေး ကိစ္စရပ်များကို လည်းကောင်း အသေးစိတ်ဆွေးနွေးခဲ့သည်။

ထို့ပြင် နှစ်နိုင်ငံကုန်သွယ်ရေးနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဆိုင်ရာကိစ္စရပ်များ အရှိန်အဟုန်မြှင့်တင်နိုင်ရေးအတွက် အဆိုပါစာချုပ်စာတမ်းများနှင့် လမ်းပြမြေပုံတို့တွင် ပါဝင်သည့်ကဏ္ဍများဖြစ်သော စက်မှု၊ စိုက်ပျိုးရေးနှင့် အစားအစာ၊ ကျန်းမာရေးနှင့် ဆေးဝါး၊ ဘဏ်လုပ်ငန်းနှင့် ငွေကြေး၊ ပညာရေးနှင့် ခရီးသွားလုပ်ငန်း၊ စီးပွားရေးလုပ်ငန်းကဏ္ဍတို့တွင် ပူးပေါင်းဆောင်ရွက်မှု အလားအလာများနှင့် အခွင့်အလမ်းများကို ကဏ္ဍအလိုက် အပြန်အလှန်ဆွေးနွေးခဲ့ကြောင်း သိရသည်။
ပြည်ထောင်စုဝန်ကြီး ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ဘယ်လာရုစ်နိုင်ငံ တကာစက်မှုပြပွဲသို့ (International Industrial Exhibition “INNOPROM. Belarus”) တက်ရောက်၍ ဘယ်လာရုစ်နိုင်ငံ၏ စက်မှုလုပ်ငန်းဆိုင်ရာ ဆန်းသစ်တီထွင်မှုများ၊ နည်းပညာမြင့်ထုတ်ကုန်များ၊ ခေတ်မီနည်းပညာများနှင့် စက်ယန္တရားများ ခင်းကျင်းပြသမှုများကို လေ့လာကြည့်ရှုခဲ့သည်။
ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝါဝါမောင်ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ဘယ်လာရုစ်နိုင်ငံသို့ စက်တင်ဘာ ၂၇ ရက်တွင် မြန်မာနိုင်ငံမှ ထွက်ခွာခဲ့ပြီး အောက်တိုဘာ ၄ ရက် ညနေပိုင်းတွင် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိခဲ့ခြင်းဖြစ်သည်။
