◾️ ပြည်တွင်းသုံးစွဲနေသည့် သဘာဝဓာတ်ငွေ့ ၈၅ ရာခိုင်နှုန်းကို လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုအတွက် အဓိကဖြန့်ဖြူးပေးနေပြီး လေလွင့်ဆုံးရှုံးမှုမရှိပါက ယခုလျှပ်စစ်ဓာတ်အားထုတ်လုပ်မှု၏ ၃၀ ရာခိုင်နှုန်းကျော် ပိုမိုထုတ်လုပ်နိုင်မည်

၅. ၁၀. ၂၀၂၅
Written by Nyein Kyaw
အကန့်အသတ်ဖြင့်သာ ထုတ်ယူရရှိနိုင်သည့်အပြင် စက်ပစ္စည်းကိရိယာများ စွမ်းဆောင်ရည် နိမ့်ကျမှုကြောင့်လည်း ရေနံနှင့်သဘာဝဓာတ်ငွေ့များ လေလွင့်ဆုံးရှုံးမှု များစွာဖြစ်ပေါ်နေ၍ ပိုက်လိုင်းများ အဆင့်မြှင့်တင်လဲလှယ်ခြင်းများကို ဆောင်ရွက်နေပြီဖြစ်ကြောင်း စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်က ယမန်နေ့တွင် ပဲခူးတိုင်းဒေသကြီးအတွင်းရှိ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း၏ တီတွတ်ပိုက်လိုင်းအခြေစိုက်စခန်းကို သွားရောက်ကြည့်ရှုစစ်ဆေးစဉ် ပြောကြားသည်။
ရေနံနှင့်သဘာဝဓာတ်ငွေ့ အရင်းအမြစ်များည် အကန့်အသတ်ဖြင့်သာ ထုတ်ယူရရှိနိုင်သည်ဖြစ်၍ အကျိုးရှိ ထိရောက်စွာ အသုံးပြုရန်လိုအပ်ပါကြောင်း၊ သဘာဝဓာတ်ငွေ့ကို ရယူသုံးစွဲနေသည့် အဖွဲ့အစည်းများအသုံးပြုသည့် စက်ပစ္စည်းကိရိယာများ၏ စွမ်းဆောင်ရည်နိမ့်ကျမှုကြောင့်လည်း လေလွင့်ဆုံးရှုံးမှုများစွာဖြစ်ပေါ်နေပါကြောင်း၊ ပိုက်လိုင်းများ အဆင့်မြှင့်တင်လဲလှယ်ခြင်းနှင့် Metering System များ စနစ်တကျမရှိမှုများကြောင့် ဆုံးရှုံးမှုများကို မိမိတို့ဝန်ကြီးဌာနအနေဖြင့် အစီအမံများချမှတ်ပြီး ဆောင်ရွက်နေပြီဖြစ်ပါကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။
လက်ရှိတွင် ပြည်တွင်း၌ သုံးစွဲလျက်ရှိသည့် သဘာဝ ဓာတ်ငွေ့များ၏ ၈၅ ရာခိုင်နှုန်းကို လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုကဏ္ဍတွင် အဓိကဖြန့်ဖြူးပေးလျက်ရှိကြောင်း၊ သဘာဝဓာတ်ငွေ့များ လေလွင့်ဆုံးရှုံးမှုမရှိပါက ယခုလျှပ်စစ်ဓာတ်အားထုတ်လုပ်မှု၏ ၃၀ ရာခိုင်နှုန်းကျော် ပိုမိုတိုးတက်ထုတ်လုပ်နိုင်မည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။
စက်များ၏ စွမ်းဆောင်ရည်ကြောင့် လေလွင့်ဆုံးရှုံးမှု မဖြစ်ပေါ်စေရေးအတွက် လျှပ်စစ်စွမ်းအားဝန်ကြီးဌာနနှင့်ပူးပေါင်း၍ ဆောင်ရွက်လျက်ရှိကြောင်း၊ စွမ်းဆောင်ရည်ကျဆင်းနေသော ဓာတ်အားပေးစက်များအား ပြုပြင်စေခြင်း၊ စွမ်းဆောင်ရည် ပိုမိုမြင့်မားသောစက်များဖြင့် လဲလှယ်အသုံးပြုစေခြင်း၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ပေးနိုင်ရေး စီမံကိန်းအသစ်များ တည်ဆောက်ရန် အဆိုပြုလျှောက်ထားလာမှုအပေါ် တွင် စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် သက်ဆိုင်ရာစက်စွမ်းရည်အပေါ်မူတည်၍ စိစစ်ခြင်းတို့ဖြင့် ထိန်းကျောင်းသွားမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက မှာကြားခဲ့သည်။
ပြည်တွင်းပိုက်လိုင်းကွန်ရက်များတွင် သဘာဝဓာတ်ငွေ့ ဆုံးရှုံးမှုလျော့နည်းစေရန်အတွက် ပိုက်လိုင်းအဆင့်မြှင့်တင်ခြင်းလုပ်ငန်းများကို ဦးစားပေး ဆောင်ရွက်ရမည့် အပိုင်းများသတ်မှတ်ပြီး နှစ်အလိုက်အစားထိုးပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။
ထို့ပြင် ရန်ကုန်တိုင်းဒေသကြီးအတွင်း ပိုက်လိုင်းများအစားထိုးလဲလှယ်ခြင်း၊ ပိုက်လိုင်းအဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ စတင်ဆောင်ရွက်လျက်ရှိပါကြောင်းနှင့် သဘာဝဓာတ်ငွေ့ ထိန်း/ဖြန့် စခန်းများမှ စက်ရုံတစ်ခုချင်းစီသို့ Metering စနစ်အသုံးပြု၍ ဖြန့်ဖြူးခြင်းများ ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။
