
၅.၁၀. ၂၀၂၅
Written by Nay Moe
ချောက်မြို့နယ်မှ ကျေးရွာအုပ်စုစာရေးတစ်ဦးကို သတင်းပေး၊ ဒလန်ဟုစွပ်စွဲကာ PDF များက သတ်ဖြတ်လိုက်ကြသည်ဟု ပြည်ထဲရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။
ဖြစ်စဥ်မှာ ၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၃ ရက် မွန်းလွဲ ၁ နာရီ ၅၀ မိနစ်တွင် မကွေးတိုင်းဒေသကြီး၊ ချောက်မြို့နယ်၊ သွေးနက်ကျေးရွာအုပ်စု၊ သွေးနက်ကျေးရွာနေ ကျေးရွာအုပ်စု စာရေး ကိုနေမျိုးထွဋ် (၃၅) နှစ်သည် ၎င်း၏နေအိမ်၌ ရှိနေစဉ် PDF ငါးဦးက ဆိုင်ကယ်သုံးစီးဖြင့် ရောက်ရှိလာပြီး “သတင်းပေး/ ဒလန်” ဟုပြောဆိုကာ ဖမ်းဆီးခေါ်ဆောင်၍ သွေးနက်ကျေးရွာနှင့် ကြီးနီကျေးရွာလမ်းဆုံအရောက် သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ် သွားခဲ့သဖြင့် ကိုနေမျိုးထွဋ်တွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ကြောင်း သိရသည်။
နွေဦးတော်လှန်ရေးစတင်ချိန်မှ ယခုနှစ် ဩဂုတ်လ ၁၄ ရက်နေ့အထိ အကြမ်းဖက်အဖွဲ့များ၏လုပ်ရပ်ကြောင့် သံဃာတော် အပါး ၁၀၀ ကျော်၊ ကျောင်းသားကျောင်းသူများအပါအဝင် ကလေးသူငယ် ၃၅၇ ဦး၊ အုပ်ချုပ်ရေးဝန်ထမ်း ၁,၂၅၃ ဦး၊ ဆရာ/ဆရာမ ၁၂၀ ဦးနှင့် ကျန်းမာရေးဝန်ထမ်း ၂၄ ဦး အပါအဝင် အပြစ်မဲ့ပြည်သူ ၉,၆၁၆ ဦးမှာ “ဒလန်၊ သူလျှို၊ သတင်းပေး၊ ပျူစောထီး၊ နစကယန္တရားလည်ပတ်အောင်ပြုလုပ်ပေးသူ” ဆိုသည့် စွပ်စွဲချက်များနှင့် NLD, CRPH, NUG, PDF, EAOs တို့၏ သတ်ဖြတ်မှုကို ခံထားရသည်။
