၅.၁၀.၂၀၂၅
Translated by Htwe Ko Tun



ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၊ ဆမ်ဆန်လမ်းပေါ်၌ စက်တင်ဘာလ ၂၄ ရက်က လမ်းမြေကျွံကျ၍ ကြီးမား သောတွင်းကြီးဖြစ်ခဲ့ရပြီးနောက် ထိုတွင်းကြီး၏ ဘေး၌ပင်ရှိသော အသစ်တည်ဆောက်ထားသည့် ဆမ်ဆန်ရဲစခန်း အဆောက်အအုံမှာ အောက်တိုဘာလ ၄ ရက် ညမှစ၍ ပြိုကျမှုများစတင် ဖြစ်ပေါ်နေကြောင်း ဘန်ကောက်မြို့ အုပ်ချုပ်ရေးမှူး ချဒ်ချတ် ဆစ်တီပန့်က ပြောကြားခဲ့သည်။
တဖြည်းဖြည်းကျွံဝင်လျက်ရှိသော အသစ်တည်ဆောက်ထားကာစ ရဲစခန်း၏ အဆောက်အအုံရှေ့မျက်နှာစာပိုင်းနှင့် ပြတင်းပေါက်မှန်များကို စက်ရုပ်များ အသုံးပြုဖယ်ရှားနေကြောင်း အောက်တိုဘာလ ၅ ရက် နံနက်တွင်ပြောခဲ့သည်။ အဆောက်အအုံအတွင်းရှိ မော်တော်ကားများကို လည်း ဖယ်ရှားထားကြောင်း သိရသည်။
ထိုနေရာရှိတာဝန်ရှိသူများက ရဲစခန်းအဆောက်အအုံ လေးထပ်တိုက်က အောက်တိုဘာလ ၄ ရက်ညတွင် ရွေ့လျားမှုပြုခဲ့ပြီး အက်ကွဲသံများလည်းကြားရကြောင်း ပြောခဲ့ကြသည်။ ဤရက်ပိုင်းတွင် မိုးရွာခဲ့အပြီး ရဲစခန်းအဆောက်အအုံအောက်ရှိမြေထုက တစ်ဖြည်းဖြည်းနိမ့်ကျလာကာ အဆောက်အအုံမှာအောက်သို့ ကျွံဝင်လာခဲ့ကြောင်း ပြောခဲ့ကြသည်။
သို့သော် ကပ်လျက်ရှိသည့် ရဲစခန်း၏ အခြားတိုက်များမှာမူ ပုံမှန်ရှိနေကြောင်း ချဒ်ချတ်က ပြောခဲ့သည်။ ထိုအတောအတွင်း မြေကျွံတွင်းကြီးကို သဲများဖြင့်ပြန်လည်ဖြည့်တင်းလျက်ရှိသည်ဟုလည်း ၎င်းက ပြောခဲ့သည်။
အောက်တိုဘာလ ၄ ရက်ညအထိ အလုပ်သမားများက သဲ ကုဗမီတာ ၃,၈၀၀ ကို တွင်းကြီးအတွင်းသို့ ဖြည့်တင်းခဲ့ပြီး အောက်တိုဘာလ ၅ ရက် နံနက်တွင် နောက်ထပ် သဲကုဗမီတာ ၁,၂၀၀ ကို ထပ်မံ ဖြည့်တင်းသွားမည်ဟု သိရသည်။
တွင်းကြီး၏ အခြားတစ်ဖက်ရှိ ဗာဂျီရာဆေးရုံက အောက်တိုဘာလ ၅ ရက်တွင်လည်း ပုံမှန်လည်ပတ်နေကြောင်း အုပ်ချုပ်ရေးမှူးက ပြောခဲ့သည်။
အနံ ၃၀ မီတာ၊ အလျား မီတာ ၂၀ နှင့် အနက် မီတာ ၂၀ ရှိသည့် တွင်းကြီးအဖြစ် ဆမ်တန်လမ်းပေါ်တွင် စက်တင်ဘာ ၂၄ ရက် နံနက်ပိုင်းက မြေကျွံကျခဲ့မှုက ခရမ်းရောင် မြေအောက်ရထားလိုင်း တိုးချဲ့ပြေးဆွဲရန် တည်ဆောက်နေသည့် မြေအောက်ရထားဘူတာရုံတစ်ခု၏ အထက်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ဒေသအတွင်း မြေဆွေးများ ပြိုကျမှုအပေါ် နိုင်ငံတော်က အပြစ်တင်ခဲ့သည်။
သက်ဆိုင်ရာတာဝန်ရှိသူများက ရဲစခန်းအဆောက်အအုံကို ဖြိုဖျက်ရန် ဆုံးဖြတ်ခဲ့ပြီး ဘန်ကောက်မြို့ ဒူးဆစ်ခရိုင်ရှိ ဆမ်ဆန်လမ်း ပြန်လည်ဖွင့်လှစ်ရန်ကိုလည်း ရက်အကန့်အသတ်မရှိ ရွှေ့ဆိုင်းခဲ့သည်။
Ref- Bangkok Post
