◾ ပြီးခဲ့သည့် စက်တင်ဘာ ၃၀ ရက်အထိ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေအရ အရေးယူဆောင်ရွက်မှု ၂၄ မှုနှင့် တရားခံ ၆၄ ဦးအထိ ရှိနေ
MT News
၅. ၁၀. ၂၀၂၅
ပြည်ထောင်စု တစ်ဝန်းလုံး စည်းရုံးမည့် နိုင်ငံရေးပါတီ ၆ ပါတီမှ လွှတ်တော်ကိုယ်စားလှယ်လောင်း ၃၉၆၁ ဦး၊ တိုင်းဒေသကြီး/ ပြည်နယ်တစ်ခုအတွင်း စည်းရုံးမည့် နိုင်ငံရေးပါတီ ၅၁ ပါတီမှ လွှတ်တော် ကိုယ်စားလှယ်လောင်း ၉၆၆ ဦး၊ တစ်သီးပုဂ္ဂလ လွှတ်တော်ကိုယ်စားလှယ်လောင်း ၉၆ ဦး စုစုပေါင်း ၅၀၂၃ ဦးတို့အား စိစစ်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကာလ လုံခြုံရေးဆိုင်ရာကြီးကြပ်မှု ဗဟိုကော်မတီအစည်းအဝေး (၃/၂၀၂၅) တွင် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကာလ လုံခြုံရေးဆိုင်ရာ ကြီးကြပ်မှုဗဟိုကော်မတီဥက္ကဋ္ဌ ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်က ပြောကြားသည်။
ထို့ပြင် နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်များဖြစ်သည့် “လွတ်လပ်ပြီး တရားမျှတမှုအပြည့် ရှိသည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတစ်ရပ် ကျင်းပပေးပြီး ထွက်ပေါ်လာသည့် အစိုးရကို နိုင်ငံတော်တာဝန်များအား လွှဲပြောင်းပေးအပ်နိုင်ရေး၊ မဲပေးပိုင်ခွင့်ရှိသူများ အားလုံးမဲပေး နိုင်ရေး၊ လုံခြုံမှုအပြည့်အဝရှိသော ရွေးကောက်ပွဲဖြစ်စေရေး” စသည်တို့ကို တာဝန်ရှိသူအဆင့်ဆင့်မှ အကောင်အထည်ဖော် ဆောင်ရွက်ပေးရန်ဖြစ်ကြောင်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအား ဒီဇင်ဘာ ၂၈ ရက်မှစတင်၍ အဆင့်လိုက် ကျင်းပ ပြုလုပ်ပေးမည်ဖြစ်ကြောင်းနှင့် လွှတ်တော်အသီးသီးအတွက် မဲဆန္ဒနယ်များအား သတ်မှတ်ကြေညာခဲ့ပြီး ဖြစ်သည့်အပြင် နိုင်ငံရေးပါတီများမှ အမည်စာရင်း တင်သွင်းလာသည့် ပြည်ထောင်စု တစ်ဝန်းလုံး စည်းရုံးမည့် နိုင်ငံရေးပါတီ ၆ ပါတီမှ လွှတ်တော်ကိုယ်စားလှယ်လောင်း ၃၉၆၁ ဦး၊ တိုင်းဒေသကြီး/ ပြည်နယ်တစ်ခုအတွင်း စည်းရုံးမည့် နိုင်ငံရေးပါတီ ၅၁ ပါတီမှ လွှတ်တော် ကိုယ်စားလှယ်လောင်း ၉၆၆ ဦး၊ တစ်သီးပုဂ္ဂလ လွှတ်တော်ကိုယ်စားလှယ်လောင်း ၉၆ ဦး စုစုပေါင်း ၅၀၂၃ ဦးတို့အား စိစစ်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသဖြင့် ပြည်ထဲရေးဝန်ကြီးဌာနအောက်ရှိ တပ်ဖွဲ့၊ ဦးစီး ဌာနများအနေဖြင့် အချိန်မီစိစစ်ပြီးစီးရေး ပေါင်းစပ်ကူညီဆောင်ရွက်ပေးသွားရန် လိုကြောင်း။
ထို့အပြင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ထုတ်ပြန်ကြောညာခဲ့သည့် မဲစာရင်းတွင် ပါရှိပြီး သက်ဆိုင်ရာမြို့နယ်၏ ပြင်ပတွင် ရောက်ရှိနေသော ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ၊ ယာယီနေရပ် စွန့်ခွာနေရသူများနှင့် ပတ်သက်၍ ကြိုတင်ဆန္ဒမဲပေးခြင်းလုပ်ငန်းများ၊ ရွေးကောက်ပွဲတွင် ပါဝင်မည့် နိုင်ငံရေးပါတီဝင်များ၊ ကိုယ်စားလှယ်လောင်းများ၏ မဲဆွယ်စည်းရုံးသည့်ကာလမှ မဲပေးသည့် ကာလအထိ လုံခြုံစွာလုပ်ကိုင်ဆောင်ရွက်နိုင်ရေး၊ ရွေးကောက်ပွဲကာလတွင် လာရောက်ကြမည့် ပြည်တွင်းပြည်ပလေ့လာရေးအဖွဲ့များအတွက် လိုအပ်သည့် လုံခြုံရေးဆိုင်ရာကိစ္စရပ်များကို စီမံဆောင်ရွက်ပေးသွားရန် လိုအပ်ကြောင်း၊ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများအားလုံး မဲပေးနိုင်ရေး ဆောင်ရွက်ပေးကြရမည်ဖြစ်သဖြင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နှင့် အကျဉ်းဦးစီးဌာနများအနေဖြင့် ရဲစခန်းအချုပ်၊ အချုပ်ထောင်၊ အကျဉ်းထောင်များ၌ ပြစ်မှုရင်ဆိုင်ဖြေရှင်းနေရသည့် အချုပ်သားများအား ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန် ကြေညာချက်များနှင့်အညီ သတ်မှတ်ကာလအတွင်း ကြိုတင်ဆန္ဒမဲပေးနိုင်ရေး သက်ဆိုင်ရာရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲများနှင့် ကြိုတင်ပေါင်းစပ်ညှိနှိုင်း၍ ဆောင်ရွက်ထားကြရန်လိုကြောင်းလည်း ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်က ပြောကြားသည်။
အထက်ပါပြောကြားချက်များအပြင် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကာလ လုံခြုံရေးဆိုင်ရာ ကြီးကြပ်မှုဗဟိုကော်မတီ အနေဖြင့် ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းစဉ်များ ပျက်ပြားစေရန် နည်းအမျိုးမျိုးဖြင့် ကျူးလွန်သူများအား ဖော်ထုတ်အရေးယူခြင်းများ ဆောင်ရွက်ခဲ့ရာ စက်တင်ဘာ ၃၀ ရက်အထိ ပြည်ထောင်စုနယ်မြေနှင့် တိုင်းဒေသကြီး/ ပြည်နယ်အသီးသီး၌ “ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေ” အရ အရေးယူဆောင်ရွက်မှု ၂၄ မှုနှင့် တရားခံ ၆၄ ဦး ရှိခဲ့ပြီဖြစ်သကဲ့သို့ ဆက်လက်၍လည်း ရွေးကောက်ပွဲလုံခြုံရေးအား ထိခိုက်စေနိုင်သော လှုံ့ဆော်မှုများ၊ ဝါဒဖြန့်မှုများ ကျူးလွန်နေသူများအား စုံစမ်းဖော်ထုတ်အရေးယူသွားရန်လိုအပ်ကြောင်း၊ ရွေးကောက်ပွဲ ဆိုင်ရာကာလများအလိုက် လုံခြုံရေးကျိုးပေါက်မှုမရှိစေရေး၊ နယ်မြေတည်ငြိမ်အေးချမ်းရေးနှင့် ရပ်ရွာအေးချမ်းသာယာရေးအတွက် မှုခင်းကျဆင်းရေးနှင့် တရားဥပဒေစိုးမိုးရေးလုပ်ငန်းများကို ပြည်ထဲရေးဝန်ကြီးဌာန ကွပ်ကဲမှုအောက်ရှိ တပ်ဖွဲ့၊ ဦးစီးဌာနများအနေဖြင့် တပ်မတော်၊ ပြည်သူ့စစ်အဖွဲ့များ၊ ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့များ၊ မိတ်ဖက်အဖွဲ့အစည်းများနှင့် ညှိနှိုင်းပေါင်းစပ်၍ လက်ရှိရရှိထားသော တိုးတက်မှုများကို အခြေခံကာ အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်သွားကြရန် ပြောကြားခဲ့သည်။
