




၅. ၁၀. ၂၀၂၅
Written by Thettant
ကျိုက်ထိုမြို့မှ ရန်ကုန်မြို့သို့ ဘုရားဖူးလာရောက်သည့်ယာဥ် လှည်းကူး Max တိုးဂိတ်အနီးတွင် ဘရိတ်ပေါက်ပြီး တိမ်းမှောက်ရာက ဘုရားဖူးခရီးသည် ၁၆ ဦး ဒဏ်ရာရမှု ယနေ့ညနေပိုင်းက ဖြစ်ပွားခဲ့သည်ဟု Yangon Rescue Organization (YRO) မှ သိရသည်။
ဖြစ်စဥ်မှာ ယနေ့ ညနေ ၄ နာရီ ၁၀ မိနစ်ခန့်က ကျိုက်ထိုမြို့မှ ရန်ကုန်သို့ ဘုရားဖူးရန်လာသော ခရီးသည်တင် Mini Bus ကားတစ်စီးသည် လှည်းကူး Max တိုးဂိတ်အနီး ဘရိတ်ပေါက်ပြီး လမ်းဘယ်ဘက်အခြမ်းဘက်ရှိ ပလက်ဖောင်းနှင့် အကာအရံများအားကျော်၍ လမ်းဘေးသို့ရောက်ရှိ တိမ်းမှောက်သွားကြောင်း သိရှိရသည်။
အဆိုပါ တိမ်းမှောက်မှုဖြစ်စဥ်ကြောင့် အမျိုးသား ၁ ဦး၊ အမျိုးသမီး ၁၅ ဦး အပါအဝင် လူ ၁၆ ဦးတွင် အဝါရောင်အဆင့် ၂ ဦးနှင့် အစိမ်းရောင်အဆင့် လူနာ ၁၄ ဦးအား လှည်းကူးပရဟိတကွန်ရက်မှ ကြက်ခြေနီများအပါအဝင် လူနာတင်ယာဥ် ၅ စီး၊ ထောက်ကြံ့ကွန်ရက်မှ လူနာတင်ယာဥ် ၂ စီး၊ YRO ရှာ/ကယ် အတွင်းရေးမှူး (မိုးပျံ)နှင့် “01” အဖွဲ့တို့မှ လူနာတင်ယာဥ် ၄ စီး တို့ဖြင့် သွားရောက်ကူညီကာ လူနာများအား လှည်းကူးဆေးရုံကြီးသို့ ပို့ဆောင်ကူညီပေးခဲ့ကြသည်ဟု သိရသည်။
ဓာတ်ပုံ – YRO & ရှင်သန်ရေးကူညီမှုအသင်း
