နေမိုး
၃. ၁၀. ၂၀၂၅
ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၁ ရက်က ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့နယ်၌ ရာအိမ်မှူး အမျိုးသားတစ်ဦးအား ဓားဖြင့် ထိုးခုတ်သတ်ဖြတ်၍ ငွေ နှစ်သိန်းကျပ်နှင့် လက်ကိုင်ဖုန်း တစ်လုံးတို့အား လုယက်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ အောက်တိုဘာ ၁ ရက် မွန်းလွဲ ၁ နာရီ ၃၀ မိနစ်တွင် ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့နယ်၊ ဂတ်အစ်ကုန်းကျေးရွာနေ ရာအိမ်မှူးဖြစ်သူ ဦးဌေးနိုင်(၅၂)နှစ်သည် ၎င်းနေအိမ်မှ ပေါက်ခေါင်းမြို့သို့ ဈေးဝယ်ရန် ဆိုင်ကယ်ဖြင့် ထွက်ခွာလာစဉ် ဂတ်အစ်ကုန်းကျေးရွာနှင့် ဓမ္မသော်ကျေးရွာကြားရှိ ကျေးရွာချင်းဆက်လမ်းပေါ်အရောက်၌ တရားခံ(စိစစ်ဆဲ)က ဆိုင်ကယ်အား တားဆီး၍ ၎င်းထံမှ ငွေ နှစ်သိန်းကျပ်နှင့် လက်ကိုင်ဖုန်း တစ်လုံးတို့အား လုယက် ယူဆောင်ကာ ဓားဖြင့် ထိုးခုတ်သတ်ဖြတ်သွားခဲ့ခြင်းဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ သိရသည်။
အဆိုပါဖြစ်စဉ်အပေါ် ပေါက်ခေါင်းမြို့မရဲစခန်း၌ (ပ)၄၉/၂၀၂၅၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂/၃၉၄ ဖြင့် အမှုရေးဖွင့်၍ လွတ်မြောက်နေသော ပြစ်မှုကျူးလွန်သူ တရားခံအား ဖမ်းဆီးရမိနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
