၂. ၁၀. ၂၀၂၅
Written by Nyein Kyaw
မြန်မာနိုင်ငံရှိ ကုန်းပိုင်းနှင့်ကမ်းလွန် ရေနံသဘာဝဓာတ်ငွေ့ ရှာဖွေတူးဖော်ခြင်းလုပ်ငန်းများတွင် ကာတာနိုင်ငံမှကုမ္ပဏီများ လာရောက်ရင်းနှီးမြှုပ်နှံရန် ယမန်နေ့တွင် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်နှင့် ကာတာနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဟောင်း Dr. Khalid Bin Mohammed Al Attiyah တို့ နေပြည်တော်၌ တွေ့ဆုံဆွေးနွေးခဲ့သည်။
မြန်မာနိုင်ငံသည် ပထဝီအနေအထားအရ အရှေ့တောင်အာရှဒေသတွင် အချက်အချာကျသည့် နိုင်ငံတစ်နိုင်ငံဖြစ်ပြီး စွမ်းအင်သယံဇာတများ ပေါကြွယ်ဝသော နိုင်ငံတစ်နိုင်ငံဖြစ်သဖြင့် စွမ်းအင်ကဏ္ဍ၌ ရင်းနှီးမြှုပ်နှံနိုင်မည့် အခွင့်အလမ်းများစွာရှိကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။
မြန်မာနိုင်ငံတွင် အလားအလာကောင်းသောကုန်းပိုင်းနှင့် ကမ်းလွန်လစ်လပ်လုပ်ကွက်များတွင် ရေနံနှင့်သဘာဝဓာတ်ငွေ့ ရှာဖွေ၊ တူးဖော်၊ ထုတ်လုပ်ခြင်းလုပ်ငန်းများနှင့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်းများအဆင့်မြှင့်တင် တည်ဆောက်ခြင်းလုပ်ငန်းများတွင် ကာတာနိုင်ငံမှ ကုမ္ပဏီများအနေဖြင့် ရင်းနှီးမြှုပ်နှံဆောင်ရွက်ရန်ဖိတ်ခေါ်လိုကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။
ကာတာနိုင်ငံသည် ရေနံနှင့်သဘာဝဓာတ်ငွေ့ ပေါကြွယ်ဝပြီး ကမ္ဘာ့အဓိက LNG ထုတ်လုပ်သူနှင့် တင်ပို့သူဖြစ်သဖြင့် LNG ကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်လိုပါကြောင်း၊ မြန်မာနိုင်ငံကို LNG Trading Hub အဖြစ်ဆောင်ရွက်၍ တရုတ်နိုင်ငံနှင့် အရှေ့တောင်အာရှရှိနိုင်ငံများသို့ လိုအပ်သည့်သဘာဝဓာတ်ငွေ့များကို ပေးပို့ဖြန့်ဖြူးပေးနိုင်မည့် အခွင့်အလမ်းများရှိကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။
ထို့နောက် ကာတာနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဟောင်း Dr. Khalid Bin Mohammed Al Attiyah က ကာတာနိုင်ငံနှင့် အခြားနိုင်ငံများတွင် ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းစီမံကိန်းများကို ရှင်းလင်းပြောကြားကာ မြန်မာ-ကာတာ နှစ်နိုင်ငံအကြားစွမ်းအင်ကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်သွားနိုင်မည့် အခြေအနေများနှင့် စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြသည်။
