၂.၁၀.၂၀၂၅
Translated by Htwe Ko Tun
အင်ဒိုနီးရှားနိုင်ငံ၊ အရှေ့ဂျာဗားကျွန်း၊ ဆီဒေါ်ဂျိုမြို့ရှိ အယ်လ်ခိုဇီနီ အစ္စလာမ္စ်မစာသင်ကျောင်း စက်တင်ဘာ ၂၉ ရက်က ပြိုကျခဲ့မှုမှာ အောက်တိုဘာလ ၂ ရက်အထိ သေဆုံးသူငါးဦးရှိပြီဖြစ်တယ်လို့ သိရပါတယ်။ ဒါပေမယ့် အပျက်အစီးတွေအောက်မှာ လူ ၅၉ ဦး ပျောက်ဆုံးနေဆဲဖြစ်ပြီး ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေကို ဆက်လက်လုပ်ဆောင်နေကြပေမယ့် အပျက်အစီးတွေအောက်မှာ ပိတ်မိနေသူတွေကို အသက်ရှင်လျက်ကယ်တင်နိုင်ဖို့ အခွင့်အလမ်းနည်းသွားပြီလို့ ကယ်ဆယ်ရေးသမားတွေက ပြောခဲ့ကြပါတယ်။


“ကျွန်တော်တို့က အပူငွေ့ရှာ မောင်းသူမဲ့လေယာဉ်တွေလို နည်းပညာမြင့်ပစ္စည်းတွေကို အသုံးပြုပြီး သိပ္ပံနည်းကျရှာဖွေမှုပြုနေတာပါ။ ဒါပေမယ့် အသက်ရှင်လျက်ရှိတဲ့ လက္ခဏာတွေ မတွေ့ရတော့ပါဘူး”လို့ နိုင်ငံရဲ့ သဘာဝဘေးအန္တရာယ် လျော့ပါးသက်သာစေရေး အေဂျင်စီ အကြီးအကဲ ဆူဟာရန်တိုက ဂျာဗားအရှေ့ပိုင်းရှိ ပြိုကျတဲ့နေရာမှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲတစ်ရပ်မှာ အောက်တိုဘာလ ၂ ရက်က ပြောခဲ့ပါတယ်။
အရှေ့ဂျာဗားကျွန်းမြို့ ဆီ ဒေါ်ဂျို က ဂျာကာတာအရှေ့ဘက် ကီလိုမီတာ ၇၈၀ အကွာမှာ တည်ရှိပါတယ်။ အယ်လ်ခိုဇီနီ အစ္စလာမ္မစ်စာသင်ကျောင်းက ကျောင်းအိပ် ကျောင်းစား ဘော်ဒါကျောင်းတစ်ကျောင်းဖြစ်ပြီး ကျောင်းအဆောက်အအုံရဲ့ မခိုင်မာတဲ့အုတ်မြစ်တွေက အပေါ်ထပ်တွေ ဆက်လက်ချဲ့ထွင် ဆောက်လုပ်နေတဲ့ လုပ်ငန်းတွေဒဏ်ကို ပံ့ပိုးခံနိုင်ရည်အားမရှိတော့ဘဲ ပြိုကျခဲ့တာလို့ ဆိုကြပါတယ်။။
ကယ်ဆယ်ရေးသမားတွေက အောက်တိုဘာလ ၁ ရက်မှာတော့ ပိတ်မိနေသူငါးဦးကို အသက်ရှင်လျက် ပြန်ကယ်ခဲ့နိုင်ပါသေးတယ်။ သူတို့က အောက်တိုဘာလ ၂ ရက်မှာ ရွေ့လျားမှုကို စုံစမ်းထောက်လှမ်းတဲ့ ကိရိယာတွေ၊ ပုံရိပ်ဖော်စကင်နာစက်တွေပါ သုံးပြီးဆက်လက်ရှာဖွေခဲ့ကြတာပါ။ ဒါပေမယ့် အပျက်အစီးတွေအောက်မှာ ပိတ်မိနေသူတွေရဲ့ အသက်ရှင်လှုပ်ရှားတဲ့လက္ခဏာတစ်စုံတစ်ရာကိုမှ မတွေ့ခဲ့ရပါဘူး။

ဒါကြောင့်လည်း ပိတ်မိနေသူ ၅၉ ဦးကို အသက်ရှင်လျက် ကယ်တင်နိုင်ဖို့ အခွင့်အလမ်းပိုလို့နည်းသွားရပြီလို့ သူတို့က ဆိုခဲ့တာပါ။
အင်ဒိုနီးရှားနိုင်ငံက ကမ္ဘာမှာ မွတ်စလင်အများစုနေထိုင်ရာ အကြီးမားဆုံးနိုင်ငံဖြစ်ပြီး အယ်လ်ခိုဇီနီလို ကျောင်းအိပ် ကျောင်းစား အစ္စလာမ္မစ်ဘော်ဒါကျောင်း ၄၂,၀၀၀ လောက်အထိ ရှိပါတယ်။ အဲဒီကျောင်းတွေမှာ ကျောင်းသား ခုနှစ်သန်းလောက်အထိရှိတယ်လို့ သိရပါတယ်။
Ref- CNA
