၂.၁၀.၂၀၂၅
Written By Thandar





မိုးသောက်ယံရုပ်ရှင်ထုတ်လုပ်ရေးက ခေတ်လွန် ၂၀၇၀ ဇာတ်လမ်းပုံစံ “ပျောက်ဆုံးသွားသော နေ့ရက်များ” ရုပ်သံဇာတ်လမ်းတွဲ ကန်တော့ပွဲပေးပွဲကို အောက်တိုဘာ ၁ ရက်နေ့က ရန်ကုန်မြို့ ကျိုက္ကဆံဘုရားအောင်မြေမှာ ကျင်းပခဲ့ပါတယ်။
“ကျွန်တော့်အနေနဲ့ ကိုယ်တိုင်ရေးထားတဲ့ ဇာတ်လမ်းရိုက်ချင်ခဲ့တာာ တော်တော်ကြာပါပြီ။ ခုမှ အကောင် အထည်သေချာလေးဖော်ဖြစ်တာပါ။ လာမယ့် ခေတ်လွန် ၂၀၇၀ ပုံစံ ဇာတ်လမ်း ဇာတ်အိမ်ဖွဲ့ထားတာပါ။ ပုံမှန်ဆိုရင်တော့ စိုးရိမ်စိတ်ရှိမှာဆိုပေမယ့် ခုက ရုပ်ရှင်အစည်းအရုံးမှာလည်း သင်တန်းတွေ တက်ထားတယ်။ Studio 35 မှာလည်း တက်ထားတယ်။ ဒါရိုက်တာနဲ့ပတ်သက်တဲ့ပညာရပ်တွေကိုလည်း သေချာလေ့လာဆည်းပူးပြီးမှ ဒါရိုက်တာဘွဲ့ယူထားတာပါ။ Script ပိုင်းတွေရော၊ Producer ပိုင်းတွေပါ။ ဒီကားက ခေတ်ရှေ့ပြေးဇာတ်ပုံစံလေးပါ”လို့ ဇာတ်လမ်း၊ ဇာတ်ညွှန်း ဒါရိုက်တာ မိုးယံဇွန်က ပြောပါတယ်။
အဆိုပါ ဇာတ်ကားကို ဇာတ်လမ်း/ ဇာတ်ညွှန်းပိုင်းအပြင် ဒါရိုက်တာအနေနဲ့ သရုပ်ဆောင်မိုးယံဇွန်က ခေတ်လွန် ၂၀၇၀ ပြည့်နှစ်ဇာတ်အိမ်ပုံစံ အပိုင်း ၂၀ စာကို ရိုက်ကူးပုံဖော်သွားမှာဖြစ်ပါတယ်။
ဒီဇာတ်လမ်းဇာတ်ညွှန်းပိုင်းကို မိုးယံဇွန်၊ ဟေမာန်ဟိဏ်း၊ ဟန်နီမင်းထွဋ် တို့က ပါဝင်ရေးသားထားကြသလို သရုပ်ဆောင်တွေအနေနဲ့ အကယ်ဒမီရဲအောင်၊ သတ္တိ၊ မိုးယံဇွန်၊ ကောင်းစစ်သွေး၊ Lucas ၊ ပိုင်စစ်မှူး၊ အကယ်ဒမီမေသန်းနု၊ ဆက်ယွန်းတွယ်တာ၊ ဆုထက်ထက်ကျော်၊ ဆီဆန်ကျော်၊ ဟေမာန်မင်းသန့်၊ ယွန်းနဒီအောင်စတဲ့ သူတွေ ပါဝင်ကြမှာဖြစ်ပါတယ်။
