◾️ မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေဖြင့် ယနေ့ကာလတွင် ဒို့တာဝန်အရေး(၃)ပါးကို ဦးထိပ်ပန်ဆင်ပြီး တပ်မတော်၊ ပြည်သူတို့နှင့်အတူ အကြမ်းဖက်မှုချေမှုန်းရေးကိုလည်း ပိုမိုလက်တွဲ ပူးပေါင်းဆောင်ရွက်ရန်ပါ မှာကြား






၁. ၁၀. ၂၀၂၅
Written by Nyein Kyaw
ပါတီစုံဒီမိုကရေစီစနစ်ကို ပြန်လည်ဖော်ဆောင်ပြီး ပြည်သူ့လက်ကို အရောက်အပ်နှင်းတော့မည်ဖြစ်၍ ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး ပြည်သူ့လုံခြုံရေးကို အလေးထားဆောင်ရွက်ကြရန် မြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ယနေ့ နံနက်ပိုင်းက ကျင်းပသည့် (၆၁)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲနေ့ အခမ်းအနားတွင် ပြောကြားသည်။
မြန်မာနိုင်ငံရဲတပ်ဖွဲကို ၁၉၆၄ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့တွင် “ပြည်သူ့ရဲတပ်ဖွဲ့” ဟု ခေါ်ဝေါ်သတ်မှတ်ခဲ့ပြီး ရဲတပ်ဖွဲနေ့အဖြစ် စတင်သတ်မှတ်ခဲ့ကြောင်း၊ ၁၉၉၅ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့တွင် ပြည်သူ့ရဲတပ်ဖွဲ့မှ “မြန်မာနိုင်ငံရဲတပ်ဖွဲ့” ဟု ပြင်ဆင်သတ်မှတ်ခဲ့ကြောင်း၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့သည် “သစ္စာ၊ သမာဓိ၊ သတ္တိ” ဆိုသည့် ဆောင်ပုဒ်ကို ဦးထိပ်ပန်ဆင်ထားပြီး ပြည်သူ့အကျိုး စီးပွားကို ပိုမိုဆောင်ကြဉ်းနိုင်သည့် ရဲတပ်ဖွဲ့ဖြစ်လာစေရန် ဆောင်ရွက်လျက်ရှိလာ သည်မှာ ယခုအခါ (၆၁)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ရောက်ရှိခဲ့ပြီဖြစ်ကြောင်း ယာယီသမ္မတက ပြောကြားသည်။
မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေဖြင့် ယနေ့ကာလတွင် ဒို့တာဝန်အရေး(၃)ပါးကို ဦးထိပ်ပန်ဆင်ပြီး အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ ဦးတည်ချက် (၄) ရပ် အောင်မြင်စေရေး အလေးထားဆောင်ရွက်လျက်ရှိပြီး တပ်မတော်၊ ပြည်သူတို့နှင့်အတူ အကြမ်းဖက်မှုချေမှုန်းရေးကိုလည်း ပိုမိုလက်တွဲပူးပေါင်းဆောင်ရွက်ရန် အလေးထားသွားကြရမည်ဖြစ်ကြောင်း ယာယီသမ္မတက ပြောကြားသည်။
ထို့ပြင် ပြည်တွင်းလုံခြုံရေးနှင့် ရပ်ရွာအေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုးရေး၊ မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေးနှင့် ပြည်သူ့အကျိုးပြုလုပ်ငန်း ဆောင်ရွက်ရေးဆိုသည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ ရည်မှန်းချက်တာဝန်(၄)ရပ်နှင့် ပြစ်မှုများမဖြစ်ပွားအောင် ကြိုတင်ကာကွယ်ရေး၊ ဖြစ်ပွားပြီးပြစ်မှုများ စုံစမ်းဖော် ထုတ်တရားစွဲတင်ရေး၊ နိုင်ငံတော်အတွင်း စည်းကမ်းသေဝပ်တည်ငြိမ်ရေး၊ ပြည်သူလူထုလုံခြုံရေး၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေတတ်သော ဆေးဝါးများအန္တရာယ်ကို တားဆီးနှိမ်နင်းရေး၊ ပြည်သူ့အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်ရေးဆိုသည့် လုပ်ငန်းတာဝန် (၆) ရပ်ကိုလည်း အောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း ယာယီသမ္မတက ပြောကြားသည်။
ပါတီစုံဒီမိုကရေစီစနစ် ကျင့်သုံးသည့် နိုင်ငံများတွင် ရွေးကောက်ပွဲသည် အဓိကအကျဆုံး ဒီမိုကရေစီကျင့်စဉ်တစ်ရပ်ဖြစ်ကြောင်း၊ ယခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲများကို စတင်ကျင်းပပြုလုပ်တော့မည်ဖြစ်ကြောင်း၊ ပြည်သူများလိုလားတောင်းတခဲ့သည့် ပါတီစုံဒီမိုကရေစီစနစ်ကို တပ်မတော်က ပြန်လည်ဖော်ဆောင်ခိုင်မာစေပြီး ပြည်သူ့လက်ကို အရောက်အပ်နှင်းတော့မည်ဖြစ်ကြောင်း ယာယီသမ္မတက ပြောကြားသည်။
ထို့ကြောင့် လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး ပြည်သူ့လုံခြုံရေးကို အလေးထားဆောင်ရွက်ကြရန်နှင့် ပြည်သူအားလုံး ဝိုင်းဝန်းပူးပေါင်း ကြိုးပမ်းဆောင်ရွက်ပေးကြရန် မှာကြားလိုကြောင်း ယာယီသမ္မတက ပြောကြားသည်။
