အခင်းဖြစ်ပွားရာနေရာကို Google Map မှ ခန့်မှန်း တွေ့ရစဥ်

၆. ၁၀. ၂၀၂၂
Written by Naing Thuta

မန္တလေးမြို့တွင် အငြိမ်းစား ရဲမှူးတစ်ဦး၏နေအိမ်ကို အနုကြမ်းစီးကာ အမျိုးသမီးနှစ်ဦးအား သတ်ဖြတ်ခဲ့မှု အောက်တိုဘာ ၆ ရက် နံနက်အစောပိုင်းက ဖြစ်ပွားခဲ့ပြီး လုယက်သတ်ဖြတ်သည့်တရားခံကို နာရီပိုင်းအတွင်း ဖမ်းမိခဲ့သည်ဟု သိရသည်။

အခင်းဖြစ်ပွားရာနေရာမှာ မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ (ဂ) ရပ်ကွက်၊ ၁၁၈ နှင့် ၁၁၉လမ်းကြား၊ ၇၂ လမ်းပေါ်ရှိ သိရီဆေးဆိုင်ဖြစ်ပြီး ယနေ့ နံနက် ၅နာရီခွဲခန့်တွင် အနုကြမ်းစီခံရကာ အမျိုးသမီးနှစ်ဦးအား သတ်သွားပြီး ရွှေထည်များနှင့် ငွေများလုယူသွားသည်ဟု သိရသည်။

“အသတ်ခံရတာတော့ ဟုတ်တယ်။ အသတ်ခံရတဲ့အိမ်က အငြိမ်းစား ရဲမှူးတစ်ယောက်ရဲ့ အိမ်လည်းဖြစ်တယ်။ အသတ်ခံရတာက သူ့သမီးနှင့် မရီးအသတ်ခံရတာဖြစ်တယ်။ အခုတော့ အဲဒီတရားခံကို အိမ်နားကခြုံထဲမှာ မှောက်လျက်တွေ့ရပြီး သူ့လက်ထဲမှာလည်း ပိုက်ဆံနဲ့ ရွှေထည်တွေ ကိုင်ထားတာကို တွေ့ရတယ်”ဟု အနုကြမ်းစီးခံရသည့်အိမ်နှင့် နီးစပ်သူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။

အနုကြမ်းစီးခံရသည့် ဆေးဆိုင်သည် အငြိမ်းစား ရဲမှူးတစ်ယောက်၏ နေအိမ်ဖြစ်ပြီး အသတ်ခံရသူ အမျိုးသမီးနှစ်ဦးမှာ ၎င်း၏ သမီးနှင့် မရီးဖြစ်ပြီး ကျန်သမီးတစ်ဦးမှာ တရားစခန်းဝင်နေကြောင်းနှင့် ထိုအမျိုးသမီးနှစ်ဦးမှာ ဦးခေါင်းကွဲဒဏ်ရာဖြင့်သေဆုံးနေကြောင်းသိရသည်။

အဆိုပါတရားခံအား နာရီပိုင်းအတွင်း ၎င်း၏နေအိမ်အနီး မှောက်လျက် ရွှေထည်နှင့်ငွေများကို လက်ကကိုင်ထားသည့်အတိုင်း ဖမ်းဆီးရမိကြောင်းနှင့် ၎င်းသည် ရေဆေးဆီလိုက် လုပ်ကိုင်သူတစ်ဦးဖြစ်ပြီး အခင်းဖြစ်ပွားရာနေအိမ်အနီးတွင် ကျူးတဲဖြင့် နေထိုင်သူတစ်ဦးဖြစ်ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *