၂၇. ၉. ၂၀၂၅
Written by Nyein Kyaw
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကာဇက်စတန်နိုင်ငံ၊ အက်စတာနာမြို့သို့ ရောက်ရှိချိန် ကာဇက်စတန်နိုင်ငံအစိုးရအဖွဲ့က ဂုဏ်ပြုတပ်ဖွဲ့ဖြင့် ကြိုဆိုခဲ့ကြသည်။





ကာဇတ်စတန်နိုင်ငံသမ္မတ H.E.Mr. Kassym-Jomart Tokayev ၏ ဖိတ်ကြားချက်အရ ယာယီသမ္မတ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ကာဇက်စတန်နိုင်ငံသို့ တရားဝင်အလုပ်သဘောခရီးဖြင့် ယနေ့ ဒေသစံတော်ချိန် နံနက်ပိုင်းတွင် ရုရှားနိုင်ငံ၊ မော်စကိုမြို့မှတစ်ဆင့် အထူးလေယာဉ်ဖြင့် ကာဇက်စတန်နိုင်ငံသို့ ထွက်ခွာခဲ့ရာ ဒေသစံတော်ချိန် နေ့လယ်ပိုင်းတွင် ကာဇက်စတန်နိုင်ငံမြို့တော်၊ အက်စတာနာမြို့သို့ ရောက်ရှိသွားပြီဖြစ်သည်။
ယာယီသမ္မတ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့ အက်စတာနာလေဆိပ်သို့ ရောက်ရှိချိန် ကာဇက်စတန်သမ္မတနိုင်ငံ၊ ဒုတိယဝန်ကြီးချုပ်(၁) Mr. Roman Sklyar၊ မြန်မာနိုင်ငံဆိုင်ရာ ကာဇက်စတန်သမ္မတနိုင်ငံ သံအမတ်ကြီး Mr. Margulan Baimukhan နှင့် တာဝန်ရှိသူများက ဂုဏ်ပြုတပ်ဖွဲ့ဖြင့် ကြိုဆိုနှုတ်ဆက်ကြသည်။





အဆိုပါခရီးစဉ်အတွင်း ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌနှင့်အတူ ကော်မရှင်အတွင်းရေးမှူး တွဲဖက်အမှုဆောင်ချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကော်မရှင်အဖွဲ့ဝင် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ၊ ပြည်ထောင်စုဝန်ကြီးတွေဖြစ်ကြတဲ့ ဦးဉာဏ်ထွန်း၊ ဦးကိုကိုလွင်၊ ဒေါက်တာမျိုးသိန်းကျော်၊ ဒေါက်တာ သက်ခိုင်ဝင်း၊ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင်၊ ဒုတိယဝန်ကြီးများ၊ တပ်မတော်အရာရှိကြီးများနှင့် တာဝန်ရှိသူများ လိုက်ပါသွားခဲ့ကြောင်း သိရသည်။
အဆိုပါ ခရီးစဉ်အတွင်း ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌသည် ကာဇတ်စတန်နိုင်ငံသမ္မတ အပါအဝင် တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးခြင်း၊ စက်ရုံ၊ အလုပ်ရုံများနှင့် အထင်ကရနေရာများသို သွားရောက်လေ့လာခြင်းများ ဆောင်ရွက်သွားမည်ဖြစ်ပြီး နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးဆိုင်ရာများကို ဆွေးနွေးသွားမည်ဖြစ်သည်။
ယာယီသမ္မတ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ကာဇက်စတန်နိုင်ငံသမ္မတို့သည် ယခု ၂၀၂၅ ခုနှစ် မေလ ၈ ရက်တွင်လည်း ရုရှားနိုင်ငံ၊ မော်စကိုမြို့တွင် တွေ့ဆုံခဲ့ပြီး မြန်မာနှင့် ကာဇက်စတန်နိုင်ငံတို့အကြား ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ဆောင်ရွက်သွားရန် ဆွေးနွေးမှုများရှိခဲ့သည်။
