၂၇.၉.၂၀၂၅
Written By Min Thet
ရခိုင်ပြည်နယ်တောင်ပိုင်း တောင်ကုတ်မြို့ရှိ မြို့ဦးတွင် နေရာယူထားသော AA စခန်းကို တပ်မတော်က ယမန်နေ့ ညနေပိုင်းတွင် လေကြောင်းဖြင့် စတင်ရှင်းလင်းခဲ့ကြောင်း သိရသည်။
ရခိုင်ပြည်နယ်အတွင်း AA အနေဖြင့် ဘုန်းကြီးကျောင်းများ၊ စာသင်ကျောင်းများ စသည့် အများသူငါနှင့် သက်ဆိုင်သည့် နေရာအဆောက်အအုံတွင် ယင်းတို့၏ စခန်းများအဖြစ် အသုံးပြုလျက်လည်း ရှိသည်။
တောင်ကုတ်မြို့တွင်လည်း တောင်ကုတ်မြို့အဝင် မြို့ဦးဘုန်းတော်ကြီးကျောင်းကို ယင်းတို့၏ စခန်းအဖြစ် ပြုလုပ်ထားသည်ကို AA မလိုလားသည့် ဒေသခံများ၏ သတင်းအရ တပ်မတော်အနေဖြင့် ဗုံးကြဲရှင်းလင်းခြင်းလည်း ဖြစ်သည်။
“သူတို့(AA) က ဘုန်းကြီးကျောင်းကို ဗုံးကြဲတယ်လို့ ပြောမှာပေါ့။ ဘာသာရေးအဆောက်အအုံလို့ ပြောမှာပေါ့။ သူတို့က တပ်ဦးဘုန်းကြီးကျောင်းဆိုပြီး ဖျက်ဆီးထားတာလည်း ရှိတယ်။ ဘုန်းကြီးကျောင်းမှာက ဘယ်သူမှမရှိတော့ဘူး၊ အဲဒီကောင်တွေ တောင်ကုတ်ကို ဝင်လာကတည်းက ဘယ်သူမှ မရှိတော့ဘူး။ အားလုံး ရန်ကုန်ဘက်ကို ရောက်နေပြီ။ဘုန်းကြီးကျောင်းမှာလည်း အားလုံး ထင်တိုင်း လုပ်ထားကြတာ။ အခု တပ်က ဗုံးကြဲတော့ ကျွန်တော်တို့က ကျန်တဲ့နေရာတွေကိုလည်း ကြဲစေချင်တယ်။ တပ်ဖက်ကိုတော့ သတင်းစကား ပါးထားပြီးပြီ။ နောက်ထပ် ရှင်းလင်းဖို့အတွက်ပါ”ဟု ဒေသခံတစ်ဦးက MT News ကို ပြောသည်။
တပ်မတော်အနေဖြင့် ရခိုင်ပြည်နယ်တောင်ပိုင်းရှိ ဂွ၊ သံတွဲ ၊ တောင်ကုတ်နှင့် အမ်းမြို့နယ်တို့တွင် ရှိသည့် AA အခြေစိုက်ရာ စခန်းများကို ဆက်တိုက် ရှင်းလင်းသွားရန် လိုအပ်နေကြောင်းလည်း ဒေသခံများက ဆိုသည်။
“ကျွန်တော်တို့ တောင်ပိုင်းမှာ မြောက်ပိုင်းက လူတွေ ကြီးစိုးနေတာကို ဒေသခံတွေက မလိုလားကြဘူး။ အခု AA က တောင်ပိုင်းမှာ သြဇာလွှမ်းအောင် လုပ်ဖို့ စီစဉ်နေတာတွေကိုလည်း ဒေသခံတွေက မကြိုက်ဘူး။ ဒါကြောင့် AA တွေကို မလိုလားဖြစ်နေကြတယ်”ဟု သံတွဲ ဒေသခံက ပြောသည်။






