၂၇. ၉. ၂၀၂၅
Written by Nyein Kyaw
ဒေါ်လာ ၁၀၉ သန်းကျော်ရှိ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းအသစ် လေးခုနှင့် ကျပ်ဘီလျံ ၄၁၇ ဘီလျံကျော်ရှိ မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းအသစ် ၁၅ ခု စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု ၁၉ ခုအား ထပ်မံခွင့်ပြုပေးခဲ့ကြောင်း ယမန်နေ့တွင် ပြုလုပ်သည့် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် (MIC)၏ (၅/၂၀၂၅) ကြိမ်မြောက်အစည်းအဝေးမှ သိရသည်။
အဆိုပါ အစည်းအဝေးတွင် လက်ရှိဆောင်ရွက်ဆဲ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ၏ မတည်ငွေရင်းတိုးမြှင့်ခြင်းအပါအဝင် စက်မှုကဏ္ဍနှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးကဏ္ဍတို့မှ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းအသစ် လေးခုနှင့် စက်မှု၊ ဝန်ဆောင်မှု၊ လျှပ်စစ်၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး၊ မွေးမြူရေးနှင့် ရေလုပ်ငန်းကဏ္ဍများမှ မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းအသစ် ၁၅ ခုတို့ကို ခွင့်ပြုပေးခဲ့သည်။
အဆိုပါလုပ်ငန်းများ၏ ရင်းနှီးမြှုပ်နှံမှုပမာဏမှာ အမေရိကန်ဒေါ်လာ ၁၀၉ ဒသမ ၆၂၆ သန်း၊ ကျပ် ၄၁၇,၅၄၂ ဒသမ ၁၂ သန်း (ကျပ် ၄၁၇ ဘီလျံကျော်) ဖြစ်ပြီး လုပ်သားဦးရေ ၄,၄၄၆ ဦးကို အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်မည်ဖြစ်သည်။
အဆိုပါ အစည်းအဝေးတွင် ခွင့်ပြုပေးသည့်လုပ်ငန်းများတွင် နိုင်ငံအတွက် အဓိကလိုအပ်လျက်ရှိသည့် လျှပ်စစ်မော်တော်ယာဉ်ထုတ်လုပ်ခြင်းလုပ်ငန်းများ၊ မွေးမြူရေးလုပ်ငန်းများ၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးလုပ်ငန်းများ၊ ဝန်ဆောင်မှုလုပ်ငန်းများအပြင် စားသောက်ကုန်ထုတ်လုပ်ငန်းများနှင့် အလုပ်အကိုင်အခွင့်အလမ်းများစွာ ဖန်တီးပေးနိုင်မည့် အထည်ချုပ်လုပ်ငန်းတို့လည်း ပါဝင်သည်။
၂၀၂၅ ခုနှစ် သြဂုတ်လကုန်အထိ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံထားသည့်နိုင်ငံ၊ ဒေသပေါင်း ၅၃ ခုအနက် ရင်းနှီးမြှုပ်နှံမှုအများဆုံးပြုလုပ်သော နိုင်ငံ၊ ဒေသများမှာ စင်ကာပူနိုင်ငံ၊ တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံတို့ဖြစ်ပြီး စီးပွားရေးကဏ္ဍ ၁၂ ခုအနက် အများဆုံးရင်းနှီးမြှုပ်နှံထားသည့်ကဏ္ဍများမှာ လျှပ်စစ်ဓာတ်အားကဏ္ဍတွင် စုစုပေါင်းရင်းနှီးမြှုပ်နှံမှု၏ ၂၈ ဒသမ ၃၂ ရာခိုင်နှုန်း၊ ရေနံနှင့် သဘာဝဓာတ်ငွေ့ကဏ္ဍတွင် စုစုပေါင်းရင်းနှီးမြှုပ်နှံမှု၏ ၂၄ ဒသမ ၆၈ ရာခိုင်နှုန်း၊ စက်မှုကဏ္ဍတွင် စုစုပေါင်းရင်းနှီးမြှုပ်နှံမှု၏ ၁၄ ဒသမ ၅၈ ရာခိုင်နှုန်းဖြင့် အသီးသီးရင်းနှီးမြှုပ်နှံထားကြောင်း သိရသည်။
