၃၀.၆.၂၀၂၅
Translated by Htwe Ko Tun
အမေရိကန်ပြည်ထောင်စု သမ္မတ ဒေါ်နယ်ထရန့် က Fox News သတင်းဌာနနဲ့ ဇွန်လ ၂၉ ရက်မှာ တွေ့ဆုံ မေးမြန်းခန်းတစ်ခု လုပ်ခဲ့ရာမှာ ဗီဒီယိုဇာတ်လမ်းတိုလေးတွေတင်ဆက်ရာ လူမှုကွန်ရက်မီဒီယာဖြစ်တဲ့ TikTok ကို ဝယ်ယူဖို့အတွက် သူဌေးတစ်ဦးကို တွေ့ရှိခဲ့တယ်လို့ ပြောခဲ့ပါတယ်။ သူက ဒီလိုဝယ်မှာက အလွန်ချမ်းသာတဲ့ သူဌေးတွေပါဝင်တဲ့ အုပ်စုတစ်ခုကဖြစ်ပြီး ဘယ်သူတွေလဲဆိုတာ နှစ်ပတ်အတွင်းထုတ်ပြောမယ်လို့ တွေ့ဆုံမေးမြန်းခန်းမှာပြောခဲ့ပါတယ်။
ထရန့်က တစ်ဆက်တည်းမှာပဲ ဒီလိုအရောင်းအဝယ်လုပ်ဖို့က တရုတ်အစိုးရရဲ့ အသိအမှတ်ပြုမှု လိုအပ်တာဖြစ်ပြီး သူ့အနေနဲ့တော့ သမ္မတ ရှီကျင့်ဖိန်က ဒီအတွက် အတည်ပြုလိမ့်မယ်လို့ ခန့်မှန်းတယ်ဆိုတာ ပြောခဲ့ပါတယ်။
အမေရိကန်သမ္မတဟာ အမေရိကန်နိုင်ငံတွင်းရှိ TikTok ရဲ့ ပိုင်ဆိုင်မှုတွေကို ရောင်းချဖို့ ဒါမှမဟုတ် ပိတ်သိမ်းဖို့ ဥပဒေတစ်ရပ်ပြဌာန်းထားပေမယ့် တရုတ်နိုင်ငံအခြေစိုက် TikTok ကိုတည်ထောင်တဲ့ ByteDance အင်တာနက်နည်းပညာကုမ္ပဏီကြီးအတွက် ဇွန်လဆန်းက သက်တမ်းတိုးပေးခဲ့ပါတယ်။
တရုတ်ကုမ္ပဏီကပိုင်တဲ့ အမေရိကန်နိုင်ငံအတွင်းရှိ TikTok ရဲ့လုပ်ငန်းတွေကို အမေရိကန်နိုင်ငံသားအများစုပိုင်ပြီး အမေရိကန်နိုင်ငံသား ရင်းနှီးမြှုပ်နှံသူတွေက လည်ပတ်နေတဲ့အမေရိကန်အခြေစိုက် လုပ်ငန်းတစ်ခုကနေ နွေဦးကာလလောက်မှာလည်ပတ်သွားဖို့ သဘောတူခဲ့ကြပါတယ်။ ဒါပေမယ့် တရုတ်နိုင်ငံက ပစ္စည်းတွေကို ကုန်သွယ်စည်းကြပ်ခွန်တင်းကျပ်စွာကောက်ဖို့ အမေရိကန်က ပြဌာန်းခဲ့အပြီးမှာ တရုတ်အစိုးရက ဒီကိစ္စကို ဆိုင်းငံ့ထားခဲ့ပါတယ်။
P
ထရန့် က “ကျွန်တော်တို့မှာ TikTok အတွက် ဝယ်မယ့်သူရှိပါတယ်။ ဒါပေမယ့် တရုတ်အစိုးရရဲ့ခွင့်ပြုချက်ကိုတော့ လိုမယ်ထင်တယ်။ ဒီအတွက်လည်း သမ္မတရှီက သဘောတူလိမ့်မယ်လို့ကျွန်တော်ထင်ပါတယ်။” လို့ ပြောခဲ့ပါတယ်။
အမေရိကန်ရဲ့ ၂၀၂၄ ခုနှစ် ဥပဒေအရ Bytedance အနေနဲ့ အမေရိကန်ရှိ TikTok ရဲ့ ပစ္စည်းဥစ္စာ ပိုင်ဆိုင်မှုတွေကို ရောင်းချတာ ဒါမှမဟုတ် ရောင်းချဖို့ ဆောင်ရွက်ချက်တွေကို မပြီးခဲ့ဘူးဆိုရင် ဇန်နဝါရီလ ၁၉ ရက်နောက်ဆုံးထားပြီး TikTok လုပ်ငန်းကိုရပ်ဆိုင်းရမှာဖြစ်ပေမဲ့ ထရမ့်ပ်က သက်တမ်းအကြိမ်ကြိမ်တိုးပေးခဲ့တာပါ။
Ref- Reuters
