၂၆.၉.၂၀၂၅
Written By Min Thet
BGF ခေါင်းဆောင် ဗိုလ်မှူးကြီးစောချစ်သူ၏မြေး မွေးနေ့ပွဲအတွက် ပြုလုပ်သည့် ဘောလုံးပွဲတွင် ပွဲကြည့်စင် ခေါင်မိုးပြိုကျ၍ ပွဲလာကြည့်သူများထဲမှ သက်ကြီးပိုင်းအမျိုးသမီးတစ်ဦးအပါအဝင် ၃ ဦး ဒဏ်ရာရခဲ့ကြောင်း သိရသည်။
ယမန်နေ့ စက်တင်ဘာလ ၂၅ ရက် ညနေပိုင်းက မြဝတီမြို့နယ်၊ ရွှေကုက္ကိုမြို့သစ်တွင် ဗိုလ်မှူးကြီးစောချစ်သူ၏ မြေး စောမင်းတည်သစ်(ခ)ကဆာ့ဖိုး ၏ ၁ နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် ဖိတ်ခေါ်ဘောလုံးပြိုင်ပွဲ နောက်ဆုံး ဗိုလ်လု ပွဲ အတွင်း အထက်ပါအတိုင်း ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
ဗိုလ်မှူးကြီးစောချစ်သူ၏ သားများဖြစ်သော စောထူးအယ်မူးအသင်း ARKU FC နှင့် စောချစ်ချစ် အသင်း BSO FC တို့ ယှဉ်ပြိုင်ကစားနေစဉ် ပွဲကြည့်စင်အမိုး ပြိုကျခဲ့ခြင်း ကြောင့် ဘောလုံးပွဲလာကြည့်သူ များထဲမှ သက်ကြီးပိုင်းအမျိုးသမီး တစ်ဦးနှင့် အမျိုးသား (၂) ဦး ဒဏ်ရာရရှိခဲ့သည့်အတွက် ဆေးကုသပေးခဲ့ရသည်။
အဆိုပါ ပြိုင်ပွဲတွင် ARUK Fc အသင်းက 1 – 0 ဂိုးမရှိနှင့် BSO FC ကို အနိုင်ရရှိခဲ့ရာ ဗိုလ်မှူးကြီးစောချစ်သူက ပထမဆုရရှိခဲ့သည့် ARUK FC အသင်းကို ဆုကြေးငွေ ကျပ် သိန်း ၂၀၀၀ ချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ဘောလုံးပြိုင်ပွဲအတွင်း ခြင်းလုံးပွဲ၊ ဘော်လီဘော၊ ဘက်စကက်ဘော စသည့် အားကစားပြိုင်ပွဲများ၊ ဇာတ်ပွဲများထည့်သွင်းကျင်းပခဲ့ကြောင်းနှင့် ပြည်တွင်းလိဂ်များမှ နာမည်ကြီး အားကစားသမားများနှင့် နိုင်ငံခြားသား ကစားသမားအချို့ ပါဝင်ယှဉ်ပြိုင်ကစားခဲ့ကြကြောင်း သိရသည်။
