◾️ ယခင် ၂၀၂၃ ခုနှစ်က လက်မှတ်ရေးထိုးခဲ့သော နျူကလီးယားအခြေခံ အဆောက်အအုံဆိုင်ရာ အကဲဖြတ်ခြင်းနှင့် မြှင့်တင်ခြင်း နယ်ပယ်အတွက် နားလည်မှုစာချွန်လွှာ၏ နောက်ဆက်တွဲ သဘောတူညီချက်ကိုပါ လက်မှတ်ရေးထိုးခဲ့
သတိုး
၂၆. ၉. ၂၀၂၅
ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ အလုပ်သဘောခရီးရောက်ရှိနေသည့် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ယနေ့ နံနက်ပိုင်းတွင် ရုရှား ဖက်ဒရေးရှင်းနိုင်ငံ၊ နိုင်ငံပိုင်အဏုမြူစွမ်းအင်ကော်ပိုရေးရှင်း(ROSATOM) ညွှန်ကြား ရေးမှူးချုပ် Mr. Alexey Likhachev နှင့် Radission Collection ဟိုတယ်၌ တွေ့ဆုံ ဆွေးနွေးခဲ့သည်။
အဆိုပါ တွေ့ဆုံဆွေးနွေးပွဲသို့ နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌနှင့်အတူ ကော်မရှင်အတွင်းရေးမှူး တွဲဖက်အမှု ဆောင်ချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကော်မရှင်အဖွဲ့ဝင် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီး ဦးသန်းဆွေ၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးဉာဏ်ထွန်း၊ ဦးကိုကိုလွင်၊ ဒေါက်တာ မျိုးသိန်းကျော်နှင့်တာဝန်ရှိသူများတက်ရောက်ကြပြီး (ROSATOM)ညွှန်ကြားရေးမှူးချုပ်နှင့်အတူ ဒုတိယညွှန်ကြားရေးမှူးချုပ် Mr . Nikolay SPASSKIY နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။



တွေ့ဆုံဆွေးနွေးရာတွင် “ကမ္ဘာ့အဏုမြူသီတင်းပတ်ဖိုရမ် (World Atomic week forum)”ကျင်းပပြုလုပ်မှုအပေါ်သုံးသပ်မှုအမြင်များ၊ မြန်မာနိုင်ငံနှင့် ROSATOM တို့အကြား နျူကလီးယားစွမ်းအင်အား ငြိမ်းချမ်းစွာအသုံးပြုမှု ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက်များကို ဆက်လက် အကောင်အထည်ဖော်ဆောင်ရွက်သွားနိုင်မည့် အခြေအနေများ၊ အမျိုးသားအဆင့် နျူကလီးယားအခြေခံအဆောက်အအုံ ဖွံ့ဖြိုး တိုး တက်မှု အကောင်အထည်ဖော် ဆောင်ရွက်သွားမည့်အခြေအနေများ၊ မြန်မာနိုင်ငံတွင် နျူကလီးယားနည်းပညာ ဖွံ့ဖြိုးတိုးတက်လာစေရေး၊ လူ့စွမ်းအားအရင်းအမြစ် မြှင့်တင် ရေးဆိုင်ရာ လေ့ကျင့်ရေးနှင့် ကျွမ်းကျင်မှုအရည်အသွေး ဖွံ့ဖြိုးတိုးတက်မှုတို့တွင် ပူး ပေါင်းဆောင်ရွက်ရေး၊ နျူကလီးယားစွမ်းအင်အား ငြိမ်းချမ်းစွာအသုံးပြုမှု ပူးပေါင်း ဆောင်ရွက်ရေးတို့နှင့် ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာဆွေးနွေးကြသည်။



တွေ့ဆုံဆွေးနွေးမှုအပြီးတွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန၊ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ နိုင်ငံ ပိုင်အဏုမြူစွမ်းအင်ကော်ပိုရေးရှင်း(ROSATOM)တို့အကြား နျူကလီးယားစွမ်းအင်ကို ငြိမ်းချမ်းသော ရည်ရွယ်ချက်များအတွက် အသုံးပြုမှုနယ်ပယ်တွင် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ Road Map နှင့် ယခင် ၂၀၂၃ ခုနှစ်က လက်မှတ်ရေးထိုးခဲ့သော နျူကလီးယားအခြေခံအဆောက်အအုံဆိုင်ရာ အကဲဖြတ်ခြင်းနှင့် မြှင့်တင်ခြင်း နယ်ပယ်အတွက် နားလည်မှုစာချွန်လွှာ၏ နောက်ဆက်တွဲ သဘောတူညီချက် စသည့် နျူကလီးယားနယ်ပယ်တွင် ပူးပေါင်းဆောင်ရွက်ရေး ဆိုင်ရာ သဘောတူညီချက်များကိုရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ နိုင်ငံပိုင်အဏုမြူစွမ်းအင် ကော်ပိုရေးရှင်း(ROSATOM) ညွှန်ကြားရေးမှူးချုပ် Mr. Alexey Likhachev ၊ သိပ္ပံ နှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိန်းကျော်၊ လျှပ်စစ် စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်း တို့က နိုင်ငံတော်ယာယီ သမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ရှေ့မှောက်၌ အသီးသီးလက်မှတ်ရေးထိုးခဲ့ကြသည်။
ယမန်နေ့က ကျင်းပခဲ့သော “နည်းပညာသစ်မွေးဖွားခြင်းမှ ကမ္ဘာသစ်အမြင်ဆီသို (From a New Technological Rollout to a New Worldview)” ခေါင်းစဉ်ဖြင့် ပြုလုပ်သည့် မျက်နှာစုံညီထိပ်သီး အစည်းအဝေးသို့ ယာယီသမ္မတက ပါဝင်တက်ရောက်ဆွေးနွေးခဲ့သလို မိန့်ခွန်းတွင်လည်း မြန်မာနိုင်ငံအနေဖြင့် နျူကလီးယားစွမ်းအင်မှ တည်ငြိမ်သော လျှပ်စစ်ဓာတ်အားကိုထုတ်ယူပြီး နိုင်ငံတော်စီးပွားရေး ဖွံဖြိုးတိုးတက်အောင် ဆောင်ရွက်သွားရန် ရည်ရွယ်ထားသဖြင့် ရုရှားနိုင်ငံနှင့် IAEA တိုက ကူညီပေးပါရန် အလေးအနက် မေတ္တာရပ်ခံပါကြောင်းနှင့် မြန်မာနိုင်ငံတွင် ကနဦးခြေလှမ်းအဖြစ် အငယ်စားနျူကလီးယား လျှပ်စစ်ဓာတ်အားပေးစက်ရုံ တည်ဆောက်နိုင်ရေးအတွက် ROSATOM နှင့် နီးကပ်စွာ ပူးပေါင်း ဆောင်ရွက်လျက်ရှိကြောင်းလည်း ယာယီသမ္မတက ထည့်သွင်းပြောကြားခဲ့သည်။
