၂၅ .၉.၂၀၂၅
Written by Hey Mar
လူမှုကွန်ရက် TikTok အကောင့်ကနေ တရုတ်ပြည်က ကောင်မလေးတွေ ခေါ်ကြောင်း၊ အလုပ်အာမခံ စီစဉ်ပေးကြောင်း၊ နယ်ဝေး ကားစီစဉ်ပေးကြောင်း ကြော်ငြာထားတာတွေ့လို့ ဆက်သွယ်ချိတ်ဆက်ရာက တရုတ်အငှားမယားလုပ်ရမှာဖြစ်ပြီး တရုတ်ယောကျ်ားနဲ့ တစ်နှစ်နေရင် ငွေသိန်း(၈၀)ရမယ်လို့ ပြောဆိုစည်းရုံးခဲ့လို့ ၁၉ နှစ်အရွယ် ရန်ကုန်တိုင်း၊ လှည်းကူးမြို့မှာ နေထိုင်သူ မိန်းကလေးငယ်က လုပ်ကိုင်ဖို့အတွက် အဆိုပါအကောင့်နဲ့ ဆက်သွယ်ချိန်းဆိုကာ မိတ္ထီလာမြို့ကို လာရောက်စဉ် သက်ဆိုင်ရာက အချိန်မီထိန်းသိမ်းခဲ့ပြီး လူကုန်ကူးသူ နှစ်ဦးကို ဖမ်းဆီးနိုင်ခဲ့တယ်လို့ သိရပါတယ်။
အဆိုပါ ဖြစ်စဉ်က ပြီးခဲ့တဲ့ ဖေဖော်ဝါရီလအတွင်းက ဖြစ်ပွားခဲ့တာဖြစ်ပြီး ဖေဖော်ဝါရီလ ၁၇ ရက်နေ့နဲ့ ၁၈ ရက်တွေမှာ တရားခံနှစ်ဦးဖြစ်တဲ့ ကံ့ကော်ဦး(ခ)မီးမီးနဲ့ ဘိုဘိုတို့ကို အသီးသီးဖမ်းမိကာ မိတ္တီလာ အမှတ်(၂) နယ်မြရဲစခန်းက (ပ)၁၂/၂၀၂၅ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒပုဒ်မ၃၅/၄၄ နဲ့ အမှုဖွင့်အရေးယူ တရားစွဲတင်ပို့ခဲ့တာဖြစ်ပြီး အခုလ စက်တင်ဘာ ၂၃ ရက်နေ့မှာတော့ မိတ္ထီလာခရိုင်တရားရုံးက အဆိုပါ ပြစ်မှုကျူးလွန်သူ နှစ်ဦးကို လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေပုဒ်မ၃၅ အရ အလုပ်နှင့်ထောင်ဒဏ်(၁၀)နှစ်စီအမိန့်ချမှတ်ခဲ့ပါတယ်။
ဖြစ်စဉ်က ရန်ကုန်တိုင်းဒေသကြီးလှည်းကူးမြို့နယ်နေမ——-(၁၉)နှစ်မှ လူမှုကွန်ရက်TikTok. XaoMei@ xiaomei 7711အကောင့်ကနေပြီး တရုတ်ပြည်ဘက်မှာ ကောင်မလေးတွေခေါ်ကြောင်း၊ အာမခံ
စီစဥ်ပေးကြောင်းနဲ့ နယ်ဝေးကားစီစဥ်ပေးမှာ ဖြစ်ကြောင်း ကြော်ငြာထားတာကို တွေ့ရှိခဲ့ပြီး ဆက်သွယ်ခဲ့ရာ ရှမ်းပြည်နယ်(မြောက်ပိုင်း) မူဆယ်မြို့နေအကောင့်ပိုင်ရှင် ကံ့ကော်ဦး(ခ)မီးမီးမက တရုတ်အငှားမယားလုပ်ရမှာ ဖြစ်ကြောင်း၊ တရုတ်ယောကျ်ားနဲ့ တစ်နှစ်နေရမှာဖြစ်ပြီး ငွေသိန်း(၈၀)ရမယ်လို့ စည်းရုံးပြောဆိုခဲ့တဲ့အတွက် မိတ္တီလာမြို့ကို လာရောက်ခဲ့ကြောင်း မ——-ကို မိတ္တီလာစုပေါင်းကားဝန်းရှိကားဂိတ်မှာ မကံ့ကော်ဦးနဲ့ မိတ္တီလာမြို့နယ် ၊ ပျဥ်သာကျေးရွာနေ ဘိုဘိုတို့မှလာရောက်ကြိုဆိုခေါ်ဆောင်စဉ် သတင်းအရရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့တာ ဖြစ်ပါတယ်။
