၂၅.၉.၂၀၂၅
Written By Min Thet
ထိုင်းနိုင်ငံတွင် ထိုင်းယာဉ်ထိန်းရဲတပ်ဖွဲ့က မြန်မာအမျိုးသမီးတစ်ဦးအား တက္ကစီပေါ် သမီးမိန်းကလေးကို မွေးဖွားပေးခဲ့ကြောင်း ဒေသတွင်း သတင်းများအရ သိရသည်။

ဘန်ကောက်မြို့တွင် နေထိုင်သည့် ကိုယ်ဝန်ဆောင်မြန်မာအမျိုးသမီးက အရေးပေါ်ကလေးမီးဖွားရန် တက္ကစီဖြင့် ဆေးရုံသို့ လာရောက်စဉ် တက္ကစီပေါ် ဗိုက်နာရာမှ ကလေးမွေးဖွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ဖြစ်စဉ်အရ အဆိုပါ အမျိုးသမီးမှာ ယနေ့ စက်တင်ဘာ ၂၅ ရက် နေ့လယ်ပိုင်းက ဘန်ကောက်မြို့၊ ဝချီရဘယာဘန်ဆေးရုံသို့ ကလေးမီးဖွားရန် လာရောက်စဉ် တက္ကစီပေါ် ဗိုက်နာလာ၍ ထိုင်းယာဉ်ထိန်းရဲတပ်ဖွဲ့က လမ်းကြောင်းရှင်းကာ ကားကို လမ်းဘေးသို့ ကပ်လျက် ရပ်ခိုင်းပြီး ဆေးပညာသိရှိနားလည်သူ ယာဉ်ထိန်းတပ် ဖွဲ့ဝင်တစ်ဦးက ကလေးမွေးဖွားပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ကလေးမွေးဖွားပြီးနောက် ဆေးရုံကားရောက်ရှိလာပြီး မိခင်နှင့် ကလေးငယ်အား ဝချီရဘယာဘန်ဆေးရုံကို ခေါ်ဆောင်သွားကြောင်း၊ မိခင်ရော ကလေးငယ်ပါ ကျန်းမာရေးကောင်းမွန်ကြောင်း သိရသည်။
လက်ရှိတွင် ကလေးမွေးဖွားပေးခဲ့သည့် ယာဉ်ထိန်းရဲတပ်ဖွဲ့နှင့် ကလေးမီးဖွားနိုင်ရန် လိုက်ပါ ပို့ဆောင်ပေးသည့် တက္ကစီယာဉ်မောင်းတို့ကို လူသားချင်းစာနာထောက်ထားမှုအပြည့်ရှိသူများအဖြစ် ထိုင်းဒေသတွင်း မီဒီယာများတွင် ချီးကျူးဂုဏ်ပြုရေးသားဖော်ပြနေကြသည်။
