၂၅.၉.၂၀၂၅
Translated by Htwe Ko Tun
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်၊ ဒူးဆစ်ခရိုင်အတွင်း ဗာဂျီရာဆေးရုံရဲ့ ရှေ့မှာ စက်တင်ဘာလ ၂၄ ရက် နံနက်က ဖြစ်ခဲ့တဲ့ ဆမ်ဆန်လမ်းပေါ် မြေကျွံပြိုကျလို့ မီတာ ၅၀ ကျော်နက်တဲ့ တွင်းနက်ကြီးဖြစ်ခဲ့ရပြီးတဲ့နောက် ပိုမိုပြီး မြေကျွံပြိုကျမှုနဲ့ အနည်းဆုံးအဆောက်အအုံတစ်လုံး ပြိုကျနိုင်ဖွယ် အန္တရာယ်တွေရှိနေတာကြောင့် တွင်းနက်ကြီးကိုဖြည့်ဖို့ သဲအိတ်တွေနဲ့ ခွဲခြေထားတဲ့ကျောက်တုံးတွေကို အလုပ်သမားတွေက စက်တင်ဘာလ ၂၅ ရက်က အမြန်သယ်ပို့ပေးနေတာ တွေ့ရပါတယ်။
ထိုင်းနိုင်ငံ လူထုပို့ဆောင်ရေးအာဏာပိုင်အဖွဲ့ (MRTA) က ဒူးဆစ်ခရိုင်၊ ဗာဂျီရာဆေးရုံဘူတာရုံထဲကိုမြေဆီလွှာနဲ့ မြေအောက်ရေတွေ ဝင်ရောက်နေတာကိုရပ်တန့်ဖို့ ချက်ခြင်းဦးစားပေးဆောင်ရွက်မယ်လို့ ပြောခဲ့ပါတယ်။ ဘူတာရုံက ခရမ်းရောင်လိုင်း တိုးချဲ့ပြေးဆွဲမှုရဲ့ တစ်စိတ်တစ်ပိုင်းအနေနဲ့ တည်ဆောက်ဆဲဖြစ်ပါတယ်။
အလျားအနံ မီတာ ၃၀ နဲ့ အနက် မီတာ ၅၀ လောက်ရှိတဲ့ တွင်းထဲကို မိုးရေတွေ စီးဝင်မှု မဖြစ်ဖို့ သဲအိတ်တွေ ချထားပြီး တားဆီးခဲ့ပါတယ်။ မိုးရေက ထပ်မံပြီး မြေကျွံပြိုကျမှုတွေဖြစ်စေနိုင် တယ်လို့ MRTA က ပြောခဲ့ပါတယ်။
စက်တင်ဘာလ ၂၄ ရက်၊ နံနက် ၇ နာရီမှာမြေအောက်ရထားလမ်းရဲ့ မြေအောက်ဥမင်လိုဏ်ခေါင်းတစ်ခု ပြိုကျမှုက အပေါ်ယံမြေလွှာကို လျင်မြန်စွာ ရွေ့လျားစေကာ မြေအောက်ဘူတာရုံထဲကို မြေပြိုကျမှု ဖြစ်စေခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီမှာ ကျိုးသွားတဲ့ ပိုက်တွေက တွင်းထဲကို ရေတွေစိမ့်ဝင်စေပြီး မြေကျွံ ပြိုကျမှုကို ပိုဆိုးစေခဲ့ပါတယ်။
ဘန်ကောက်မြို့တော်ဝန် ချဒ်ချတ် ဆစ်တီပန့်က မြေဆီလွှာတွေ ထပ်မံဝင်ရောက်ခြင်းမှ ရပ်တန့်စေဖို့အတွက် သဲအိတ်ပေါင်း ၅၀,၀၀၀ ခန့်ကို တွင်းနက်ကြီးအတွင်း စုပုံကာ ဖြည့်တင်းခဲ့ပြီး ယိုစိမ့်မှုအပိုင်းကို ပိတ်ထားပြီးဖြစ်တယ်လို့ စက်တင်ဘာလ ၂၄ ရက် ညနှောင်းပိုင်းမှာ ပြောခဲ့ပါတယ်။
မြေအောက် ကွန်ကရစ် နံရံတွေ ရှိနေတာကြောင့် ဗာဂျီရာဆေးရုံလို ပြိုကျတွင်းနက်ကြီးဘေးက အဆောက်အအုံတွေရဲ့ မြေအောက်ဖွဲ့စည်းမှု အတော်လေးလုံခြုံရတယ်လို့ တာဝန်ရှိသူတွေက သုံးသပ်ခဲ့ကြပါတယ်။
ဒါပေမယ့် ဆမ်ဆန် ရဲစခန်းရဲ့ အသုံးမပြုရသေးတဲ့ အဆောက်အအုံအသစ်မှာတော့ ဒီလို နံရံတွေ မရှိပါဘူး။ ဘူတာရုံအောက်ရှိ မြေဆီလွှာအများအပြားဟာ သူ့ရဲ့အုတ်မြစ်မှ ချော်ကျပြီး ငါးထပ်အဆောက်အအုံရဲ့ တိုင်မကြီးနှစ်တိုင် ပျောက်ကွယ်သွားခဲ့ပါတယ်။ တာဝန်ရှိသူတွေကလည်း အဆိုပါအဆောက်အအုံဟာ ပြိုကျနိုင်တဲ့ အန္တရာယ်ရှိနေတယ်လို့ ၀န်ခံခဲ့ကြပါတယ်။
ဒါကြောင့်လည်း ရဲစခန်းမှ အရာရှိ ၅၀ ခန့်နဲ့ အတူနေ အိမ်ထောင်စု ၂၀ ခန့်ရဲ့ မိသားစုဝင်တွေကို ရွှေ့ပြောင်းပေးခဲ့ရပါတယ်။
ပိုက်လိုင်းပြိုကျမှုကြောင့် အနီးတစ်ဝိုက်နေထိုင်ကြတဲ့ ကျန်းမာရေးကြောင့် အိပ်ရာမှမထနိုင်သူတွေနဲ့ သက်ကြီးရွယ်အိုတွေမှာ ရေပိုက်ကရယူရတဲ့ ရေပြတ်လပ်ကာ အကူအညီတွေ ပေးအပ်ခဲ့ရတယ်လို့ သိရပါတယ်။ ဗာဂျီရာဆေးရုံအတွက် ကေဘယ်ကြိုးတွေအပါအဝင် ဧရိယာအတွင်းရှိ အင်တာနက် ကေဘယ်ကြိုးတွေကို အလုပ်သမားတွေက အလျင်အမြန် ပြန်လည်ချိတ်ဆက်ခဲ့တယ်လို့ သိရပါတယ်။
မြေအောက်ဥမင်လိုဏ်ခေါင်းနဲ့ လမ်းကို ပြုပြင်ဖို့ အနည်းဆုံး တစ်နှစ်အချိန်ယူရမယ်လို့ အခင်းဖြစ်ပွားရာနေရာကို စစ်ဆေးအပြီးမှာ ၀န်ကြီးချုပ် အနျူတင် ချန်ဗီရာကူလ်က စက်တင်ဘာလ ၂၄ ရက်က ပြောခဲ့ပါတယ်။ MRTA မှ ဦးဆောင်ပြီး ဖြစ်ပွားရတဲ့ အကြောင်းရင်းကို ရှာဖွေဖော်ထုတ်ဖို့ အဓိက စုံစမ်းစစ်ဆေးသွားမယ်လို့ သူက ဆက်လက်ပြောခဲ့ပါတယ်။
Ref – Bangkok Post



