၂၃. ၉.၂၀၂၅
Translated by Thettant
ထိုင်းနိုင်ငံ၊ ခွန်ခဲမ်ပြည်နယ်မှာ ATM စက်တစ်ခုကို ခိုးယူပြီး ကားနဲ့ဆွဲယူသွားတဲ့ ဒတ်ချ်အမျိုးသားတစ်ဦးကို ရဲတပ်ဖွဲ့က စက်တင်ဘာ ၂၁ ရက်မှာ ဖမ်းမိခဲ့ပြီး အဆိုပါအမျိုးသားက မိသားစုရဲ့ ငွေကြေးပြဿနာကို ဖြေရှင်းချင်လို့ ဒီလိုလုပ်ဆောင်ခဲ့တာလို့ ဝန်ခံခဲ့ပါတယ်။
ဖြစ်စဥ်မှာ ဘန်ပတ်ရဲစခန်းကို ဘန်တွမ်ရပ်ကွက်နေ ပြည်သူတစ်ဦးက မာလီဝန်လမ်းပေါ်ရှိ ဆိုင်ခန်းရှေ့မှာ တပ်ဆင်ထားတဲ့ SCB ဘဏ်ပိုင် ATM စက်ကို နိုင်ငံခြားသားတစ်ဦးက ခိုးယူသွားကြောင်း တိုင်ကြားခဲ့ပါတယ်။ ဒါကြောင့် ရဲတပ်ဖွဲ့က လုံခြုံရေးကင်မရာမှတ်တမ်းတွေကို ပြန်လည်စစ်ဆေးခဲ့ရာမှာ ခိုးယူသူဟာ ATM စက်ကို သံကွင်းကြိုးနဲ့ ကားအနက်ရောင်တစ်စီးနဲ့ ချိတ်ဆက်ပြီး ဆွဲယူဖို့ ကြိုးစားခဲ့တာကို တွေ့ရှိခဲ့ရပါတယ်။ ၂၀ မီတာခန့်အကွာအထိပဲ ဆွဲယူနိုင်ခဲ့ပြီးနောက် ယာဉ်နဲ့ ATM စက်ကို စွန့်ပစ်ကာ လမ်းဘေးတောထဲမှာ ပုန်းအောင်းနေခဲ့ပါတယ်။
အမည်မဖော်ပြထားတဲ့ အဆိုပါ နယ်သာလန်နိုင်ငံသား ဒတ်ချ်အမျိုးသားကို နောက်ပိုင်းမှာ ဖမ်းဆီးရမိခဲ့ပါတယ်။ သူဟာ ရုပ်ရှင်ထဲက ဇာတ်ဝင်ခန်းအတိုင်း အတုယူပြီး ခိုးယူဖို့ ကြိုးစားခဲ့တာဖြစ်ပေမယ့် မအောင်မြင်ခဲ့ဘူးလို့ ရဲတပ်ဖွဲ့ကို ဝန်ခံခဲ့ကြောင်း သိရပါတယ်။
အဆိုပါ အမျိုးသားက သူဟာ ထိုင်းဇနီးနဲ့အတူ ထိုင်းနိုင်ငံမှာ ၆ နှစ်ခန့် နေထိုင်ခဲ့ပြီး ခွန်ခဲမ်မြို့လယ်၊ ပရာချာဆမ်ရန်လမ်းပေါ်ရှိ ဇနီးသည်ရဲ့ စားသောက်ဆိုင်မှာ ဘတ် ၁၀ သန်းခန့် ရင်းနှီးမြှုပ်နှံခဲ့ပေမယ့် စီးပွားရေးအဆင်မပြေခဲ့ဘူးလို့ ရှင်းပြခဲ့ပါတယ်။
သူ့မိသားစုဟာ ပြင်းထန်တဲ့ ငွေကြေးအခက်အခဲတွေနဲ့ ရင်ဆိုင်နေရပြီး နေ့စဉ်စားစရိတ်တွေတောင် မတတ်နိုင်တော့ဘူးလို့ ဆိုပါတယ်။ အခင်းဖြစ်ပွားမှုမတိုင်ခင်မှာလည်း ဇနီးသည်နဲ့ ပိုက်ဆံကိစ္စနဲ့ပတ်သက်ပြီး စကားများခဲ့ကြကြောင်း သိရပါတယ်။
ရဲတပ်ဖွဲ့ရဲ့ အဆိုအရ သူဟာ နွန်ခိုင်ပြည်နယ်မှာ သူငယ်ချင်းတစ်ဦးနဲ့ သွားတွေ့မယ်လို့ ဇနီးသည်ကို ပြောပြီး ATM စက်ကို ခိုးယူဖို့အတွက် မိသားစုပိုင် ပစ်ကပ်ကားကို မောင်းထွက်သွားခဲ့တာဖြစ်ကြောင်း သိရပါတယ်။ သူ့ရဲ့လုပ်ရပ်တွေကို ဇနီးသည်က လုံးဝမသိကြောင်းလည်း အခိုင်အမာ ထွက်ဆိုခဲ့ပါတယ်။
အဆိုပါ ဒတ်ချ်အမျိုးသားကို ရာဇဝတ်ဥပဒေပုဒ်မ ၃၃၅ အရ ညအချိန်ခိုးယူမှု၊ ပစ္စည်းကာကွယ်ရန် ရည်ရွယ်ထားတဲ့ အကာအကွယ်ကို ဖျက်ဆီးမှုနဲ့ ရာဇဝတ်မှုကျူးလွန်ဖို့အတွက် ယာဉ်ကို အသုံးပြုမှု စတဲ့ ပြစ်မှုတွေနဲ့ စွဲချက်တင်ထားပါတယ်။
အဆိုပါ ပြစ်မှုအတွက် ထောင်ဒဏ် ၁ နှစ်မှ ၅ နှစ်အထိနဲ့ ဘတ် ၂၀,၀၀၀ ကနေ ဘတ် ၁၀၀,၀၀၀ အထိ ဒဏ်ငွေ ချမှတ်ခံရနိုင်ပါတယ်။ ရဲတပ်ဖွဲ့က အာမခံလျှောက်ထားမှုကို ငြင်းပယ်ခဲ့ကြောင်းလည်း သိရပါတယ်။
Ref, The Thaiger


