MT News
၂၂. ၉. ၂၀၂၅
၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကျင်းပမှုကို ပျက်ပြားစေရန်ရည်ရွယ်၍ လူမှုကွန်ရက်စာမျက်နှာများ၊ အများပြည်သူဆိုင်ရာနေရာများ၌ ဟောပြောခြင်း၊ ပြောဆိုခြင်း၊ စည်းရုံးလှုံ့ဆော်ခြင်း၊ ဆန္ဒပြခြင်း၊ စာရေးသားခြင်း၊ ရုပ်ပုံပိုစတာများချိတ်ဆွဲခြင်း စသည်တို့ဖြင့် နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းများကို လုံခြုံရေးတပ်ဖွဲ့ဝင်များက ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားခြင်းမှ ကာကွယ်ပေးရေးဥပဒေနှင့်အညီ စုံစမ်းဖော်ထုတ်ပြီး ထိရောက်စွာအရေးယူခြင်းများ ဆောင်ရွက်လျက်ရှိရာ ယခုလည်း ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများကို ပျက်ပြားစေရန် ရည်ရွယ်၍ နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်း ပြုလုပ်သူ ၉ ဦးကို ထပ်မံ ဖမ်းဆီး အရေးယူလိုက်ပြီဖြစ်သည်။




ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများကို ပျက်ပြားစေရန် ရည်ရွယ်၍ နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်း ပြုလုပ်သူ ၉ ဦးမှာ လွိုင်ကော်မြို့၊ ဒေါနိုးကူးရပ်ကွက်နေ ပိုင်ပိုင်စိုး(ခ) မျိုးမင်းခန့်(ခ)ပိုင်စိုး (၁၈)နှစ်၊ ဟန်ထွန်းအောင်(ခ) ရဲမင်းကိုကို (ခ)ဟန်ကြီး (၁၈)နှစ်၊ အောင်နိုင်လင်း (၁၇)နှစ်၊ ဖြိုးပိုင်ဇေအောင် (၁၆)နှစ်နှင့် ထွန်းနေဦးလှိုင် (၁၄)နှစ်တို့အား စက်တင်ဘာလ ၁၄ ရက်နေ့တွင် လွိုင်ကော်မြို့မရဲစခန်း (ပ)၂၁၈/၂၀၂၅ ဖြင့်လည်းကောင်း၊ ရွှေပြည်သာမြို့နယ်၌ ရွေးကောက်ပွဲလုပ်ငန်းစဉ်များ ပျက်ပြားစေရန် ဆန္ဒပြ၊ လှုံ့ဆော်ခြင်းပြုလုပ်ခဲ့သူ ရွှေပြည်သာမြို့နယ် အမှတ်(၅)ရပ်ကွက်နေသူများဖြစ်ကြသည့် ရဲသူရအောင် (၃၆)နှစ်၊ ကျော်ဝဏ္ဏ (၂၅)နှစ်၊ ချစ်ဝင်း (၄၅)နှစ်နှင့် ပြေထွန်း (၃၄)နှစ်တို့အား စက်တင်ဘာလ ၁၆ ရက်နေ့တွင် ရွှေပြည်သာမြို့မရဲစခန်း (ပ) ၃၄၇/၂၀၂၅ ဖြင့်လည်းကောင်း ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားခြင်းမှ ကာကွယ်ပေးရေးဥပဒေပုဒ်မ ၂၃ (က)ဖြင့် အသီးသီးအမှုဖွင့် ဖမ်းဆီးအရေးယူစစ်ဆေးလျက်ရှိကြောင်း သတင်းရရှိသည်။
ပြီးခဲ့သည့် ဩဂုတ်လ ၂၅ ရက်ကလည်း ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေး ဥပဒေပုဒ်မ ၂၃(က) အရ ဖမ်းဆီးထားသူ အေးသာယာမြို့တွင် နေထိုင်သည့် နေသွေး ဆိုသူကို ပြစ်မှုထင်ရှားသဖြင့် တောင်ကြီးမြို့နယ်တရားရုံးက ထောင် ၇ နှစ် ချမှတ်ခဲ့ကြောင်း စက်တင်ဘာ ၉ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။
ထို့အပြင် အထွေထွေရွေးကောက်ပွဲများ ပျက်ပြားစေရန် ရည်ရွယ်၍ လှုံ့ဆော်စာရေးသားထားသည့် စတေကာများ လိုက်လံကပ်သူလှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၊ အမှတ်(၆)ရပ်ကွက်နေသူများဖြစ်ကြသည့် အောင်ရဲထွဋ်(ခ)ရဲထွဋ်(၂၄)နှစ်နှင့် ရန်နိုင်ကြည်ဝင်း(ခ)ရန်နိုင်(ခ) အကြီးကောင်(၂၃)နှစ်တို့ကို ဖော်ထုတ်ဖမ်းဆီးအရေးယူကာ လှိုင်သာယာ (အရှေ့ပိုင်း)မြို့မရဲစခန်း(ပ)၈၁၇/၂၀၂၅၊ ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ရေးဥပဒေပုဒ်မ ၂၃(က)ဖြင့် အမှုဖွင့်လှစ်ထားသည်ဟု စက်တင်ဘာ ၁၉ ရက်တွင် ကြေညာခဲ့သည်။
