
၂၂.၉.၂၀၂၅
Translated by Htwe Ko Tun
အမေရိကန်တပ်ဖွဲ့ တွေ အာဖဂန်နစ္စတန်နိုင်ငံမှ ပြန်လည်ဆုတ်ခွာခဲ့ကြပြီးနောက် လေးနှစ်ခန့်အကြာမှာ အရင် သူတို့စွန့်ခွာသွားခဲ့သော ကဘူးလ်မြို့ မြောက်ပိုင်းရှိ ဘာဂရမ် လေတပ်အခြေစိုက်စခန်းကို ပြန်လည်ရယူလိုတယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ဒ် ထရမ့်ပ်က ပြောခဲ့ပေမယ့် အာဖဂန်နစ္စတန် တာလီဘန် အစိုးရရဲ့ တာဝန်ရှိသူတစ်ဦးကတော့ ထိုကိစ္စက လုံးဝမဖြစ်နိုင်ဘူးလို့စက်တင်ဘာလ ၂၁ ရက်မှာ ပြောခဲ့ပါတယ်။
သမ္မတဒေါ်နယ်ဒ် ထရမ့်ပ်က တကယ်လို့ ဘာဂရမ် လေတပ်အခြေစိုက်စခန်းကို အမေရိကန်တပ်ဖွဲ့တွေ အသုံးပြုဖို့သဘောတူညီမှုတစ်ရပ်မပြုခဲ့ရင် အာဖဂန်နစ္စတန်ရဲ့ တာလီဘန်အစိုးရကို ဘာလို့ သတ်မှတ်ပြောကြားတာမရှိတဲ့ ပြစ်ဒဏ်ခတ်အရေးယူမယ်လို့ ခြိမ်းခြောက်ခဲ့ပါသေးတယ်။
ဘာဂရမ် လေတပ်အခြေစိုက်စခန်းက မြို့တော် ကဘူးလ် ရဲ့မြောက်ဘက်မှာရှိပြီး အာဖဂန်နစ္စတန်နိုင်ငံအတွင်း အမေရိကန်တို့က တာလီဘန်တို့နဲ့ နှစ် ၂၀ ကြာ တိုက်ခိုက်ခဲ့ကြတုန်းက အမေရိကန်တို့ရဲ့ စစ်ဆင်ရေးများ ပြုလုပ်ရာ ဗဟိုချက်လည်းဖြစ်ကာ နိုင်ငံအတွင်း အကြီးမားဆုံးသော လေတပ်စခန်း ဖြစ်ပါတယ်။

ထရမ့်ပ်က Truth လူမှုကွန်ရက်မှာ “အာဖဂန်နစ္စတန် အနေနဲ့ ဘာဂရမ်လေတပ်စခန်းကို တည်ဆောက်ခဲ့တဲ့ အမေရိကန်ပြည်ထောင်စုကို အသုံးပြုခွင့် ပြန်မပေးခဲ့ရင် ဆိုးဝါးတဲ့အရာတွေ ဖြစ်လာဖို့ရှိနေတယ်” လို့ ရေးခဲ့ပါတယ်။
ဒါပေမယ့် စက်တင်ဘာလ ၂၁ ရက်မှာတော့ အာဖဂန်နစ္စတန်ကာကွယ်ရေးဝန်ကြီးဌာနက ဦးစီးချုပ်ဖြစ်တဲ့ ဖာဆီဟတ်ဒင် ဖစ်ရတ်က “တချို့လူတွေက ဘာဂရမ်လေတပ်စခန်းကို နိုင်ငံရေးအရ သဘောတူညီမှုတစ်ရပ်အနေနဲ့ ပြန်လိုချင်ကြတယ်။ သိပ်မကြာသေးခင်ကဘဲ တချို့က ဒီလေတပ်စခန်းကိုပြန်ရဖို့ အာဖဂန်နစ္စတန် အစိုးရနဲ့တောင်ဆွေးနွေးပြီးပြီ ပြောခဲ့ကြတယ်။ အာဖဂန်နစ္စတန်နိုင်ငံရဲ့ မြေတစ်လက်မကိုတောင်ပေးရမယ့် သဘောတူညီမှုမျိုး ကျွန်တော်တို့လုပ်မှာမဟုတ်ဘူး” လို့ ပြောကြားသွားခဲ့ပါတယ်။
ဒီနောက်ပိုင်း တရားဝင်ကြေညာချက်တစ်ခုမှာလည်း အာဖဂန်အစိုးရက အာဖဂန်နစ္စတန်နိုင်ငံရဲ့ လွတ်လပ်ရေးနဲ့ ပိုင်နက်မြေ စုစည်းတည်ရှိမှုက အရေးအကြီးဆုံးအချက်တွေဖြစ်တယ်လို့ သတိပေး ပြောခဲ့ပါတယ်။
ထရမ့်ပ်က ဒီလေတပ်စခန်းဆုံးရှုံးရမှုအတွက် အကြိမ်ကြိမ်ဝေဖန်မှု ပြုခဲ့တာပါ။ အဓိကကတော့ လေတပ်စခန်းက တရုတ်နိုင်ငံအနီး ကပ်လျက်တည်ရှိနေတာပါပဲ။ ဒါပေမယ့် စက်တင်ဘာလ ၁၈ ရက်ကဗြိတိန်ကို အလည်အပတ်သွားတဲ့ ခရီးစဉ်အတွင်းမှာတော့ ထရမ့်ပ်က အမေရိကန်အနေနဲ့ ဒီလေတပ်စခန်းကို ပြန်လည်ထိန်းချုပ်ကိုင်တွယ်လိုတယ် ဆိုတာ ပထမဆုံးအကြိမ် လူသိရှင်ကြားထုတ်ပြောခဲ့ပါတယ်။
အရင်အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန် လက်ထက်က ၂၀၂၁ ခုနှစ် ဇူလိုင်လမှာ ဘာဂရမ်လေတပ်စခန်းကနေ အမေရိကန်နဲ့ နေတိုးတပ်ဖွဲ့တွေကို ရုန်းရင်းဆန်ခတ် ဆုတ်ခွာမှုပြုခဲ့ရပေမယ့် ဒါက တာလီဘန်သူပုန်တွေနဲ့ ၂၀၂၀ ပြည့်နှစ်မှာ ထရမ့်ပ်က ကြားဝင်စေ့စပ်ပေးထားတဲ့ သဘောတူညီချက်ရဲ့ တစ်စိတ်တစ်ပိုင်းလို့ ဆိုရမှာပါ။
အရေးပါတဲ့လေကြောင်းစွမ်းအားဆုံးရှုံးရတာနဲ့အတူရက်သတ္တပတ်အနည်းငယ်အကြာမှာပဲ အာဖဂန် အစိုးရစစ်တပ်ပြိုလဲကာ အာဖဂန်နစ္စတန်မှာ တာလီဘန် တို့က တစ်ဖန် ပြန်လည် အာဏာရလာခဲ့တာပါ။
ထရမ့်ကို သတင်းထောက်တွေက ဘာဂရမ် လေတပ်အခြေစိုက်စခန်း ပြန်ရဖို့ အမေရိကန်တပ်ဖွဲ့တွေ စေလွှတ်မလားလို့ အိမ်ဖြူတော်မှာ မေးခဲ့ကြဖူးပါတယ်။ ဒီတုန်းက ထရမ့်ပ်က “ကျွန်တော်တို့ ဒီအတွက် မပြောလိုဘူး။ ကျွန်တော်တို့ အာဖဂန်နစ္စတန်အစိုးရနဲ့ လက်ရှိမှာဆွေးနွေးနေပါတယ်။ ကျွန်တော်တို့ ဒီလေတပ်စခန်းကို မကြာခင်ပြန်ရချင်တယ်။ ဒါကို သူတို့မလိုက်လျောရင် ကျွန်တော်ဘာလုပ်မလဲတော့ ခင်ဗျားတို့ကြည့်ကြပေါ့” လို့ ဖြေခဲ့ပါတယ်။
Re,France 24
