◾ KIA နှင့် PDF အင်အား ၁၀၀၀ ကျော်ဖြင့် ထိုးစစ်ဆင်လာ၍ အင်အား ၂၀၀ ခန့်သာရှိသော SNA တို့က စခန်းချနေရာအချို့မှ ယာယီဆုတ်ခွာထားရပြီး ဗန်းမောက်ပြည်သူများကပါ SNA နှင့် လိုက်ပါလာသဖြင့် KIA နှင့် PDF တို့က ဗန်းမောက်မြို့ကို စိတ်ကြိုက်ဖောက်ထွင်း ခိုးယူကာ မီးရှို့ဖျက်ဆီးကြမည်ကို ပူပန်နေ
◾ ဗန်းမောက်မြို့ကိုသိမ်းနိုင်ပြီကြေညာသည့် KIA နှင့် PDF ဘက်က ခြောက်ဦးသေပြီး SNA နှင့် ဗန်းမောက်ပြည်သူများဘက်က ၇ ဦး သေဆုံး
နေမိုး
၂၂. ၉. ၂၀၂၅
သယံဇာတ ခိုးထုတ်၍ ရနိုင်မည့် ဒေသများအား ဦးတည်တိုက်ခိုက်နေသည့် NUG နှင့် PDF များက ရွှေလုပ်ကွက်အများအပြားရှိပြီး ရွှေထွက်ရာ ဗန်းမောက်မြို့အား သိမ်းယူနိုင်ပြီဟု ယနေ့ ကြေညာသည်။





စစ်ကိုင်းတိုင်း၊ ကသာခရိုင်၊ ဗန်းမောက်မြို့နယ်၊ ဗန်းမောက်မြို့အား စက်တင်ဘာလ (၁၅) ရက်မှ စတင် ထိုးစစ်ဆင်တိုက်ခိုက်ရာ စက်တင်ဘာလ (၂၀) ရက်တွင် အောင်မြင်စွာ သိမ်းပိုက်နိုင်ခဲ့သည်ဟုလည်း NUG ၏ အမှတ် (၁) စစ်ဒေသက အသိပေးသည်။
ဗန်းမောက်မြို့သိမ်းတိုက်ပွဲတွင် SNA တပ်မဟာ (၆၁၄၊ ၉၇၂)၊ ရဲ၊ ပျူစောထီး(ပြည်သူ့စစ်) ပူးပေါင်းအင်အား (၄၀၀) ခန့် အခြေချနေထိုင်သော မြစ်သေးချင်းရွာ ကာကင်းကုန်း၊ မြစ်သေးချင်းရွာ၊ တာဝါတိုင်ကုန်း၊ အောင်ကမ္ဘာသိန်း KTV၊ ကျွဲကောကုန်းရွာ၊ မြစ်သေးချင်းရွာ ဘုန်းကြီးကျောင်း၊ ဒန်ဘို ဆီဆိုင်၊ ဘန်ဂလိုကုန်း၊ နားယကာရွာ၊ စက်တောရွာ၊ ကျွန်းတောင်စခန်းကုန်း၊ ဗန်းမောက်မြို့ ဗျူဟာကုန်း၊ အောင်သာကုန်းရွာစခန်းကုန်း၊ လွှစင်ကုန်း ဘုန်းကြီးကျောင်း၊ ဗန်းမောက်မြို့မစာသင်ကျောင်း၊ ဗန်းမောက်မြို့ရဲစခန်း၊ မြနန္ဒာဘုန်းကြီးကျောင်း၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတတ်ရေး သင်တန်းကျောင်း (နသလ) အား တိုက်ခိုက် သိမ်းပိုက်ခဲ့သည်ဟုလည်း ဆိုသည်။






ဗန်းမောက်မြို့အား တာဝန်ယူထားသော လုံခြုံရေးပူးပေါင်းအဖွဲ့အား KIA ၏ ဦးဆောင်မှုအောက်တွင် NUG ၏ အမှတ် (၁) စစ်ဒေသ ကွပ်ကဲမှုဖြင့် အမှတ် (၁) စစ်ဒေသ စစ်ဆင်ရေးမှူးနှင့် ကသာခရိုင် ကွပ်ကဲရေးမှူး ဦးစီး ကသာခရိုင် အမှတ် (၂၊ ၄၊ ၅) တပ်ရင်း၊ ကသာခရိုင် အမှတ် (၁၊ ၃) တပ်ရင်း ထုတ်နုတ်အဖွဲ့၊ ကသာခရိုင် ပကဖ လှုပ်ရှားအဖွဲ့၊ ပကဖ (ဗန်းမောက်မြို့နယ်၊ ထီးချိုင့်မြို့နယ်၊ ကသာမြို့နယ်)၊ အမှတ် (၁) စစ်ဒေသမှ NCO သင်တန်းဆင်း စစ်ကြောင်း (၁၊ ၂)၊ အထူးလှုပ်ရှား တပ်ရင်းများ၊ အမှတ် (၁) လက်နက်ကြီး တပ်ရင်း၊ ကသာခရိုင် လက်နက်ကြီးအဖွဲ့၊ ဒရုန်းအဖွဲ့များ (ကသာခရိုင် တပ်ရင်း-၂၊ ကသာခရိုင် တပ်ရင်း-၄၊ MOD၊ အမှတ် (၁) စစ်ဒေသ၊ ကသာခရိုင် ပကဖ) အဖွဲ့တို့မှ ပူးပေါင်းတိုက်ခိုက်ခဲ့သည်ဟုလည်း NUG က ဝန်ခံထားသည်။
ထို့အပြင် ကြောင်လည်ရွာ စခန်းကုန်းမှ ဗန်းမောက်မြို့သို့ စစ်ကူလာသော ကား (၁) စီးပါ စစ်ကြောင်းအား ဖြတ်တောက် တိုက်ခိုက်နိုင်ခဲ့ပြီး ကားအား မီးရှို့ဖျက်ဆီးနိုင်ခဲ့ကြောင်း၊ တိုက်ပွဲအတွင်း ဂျက်တိုက်လေယာဉ်များဖြင့် (၁၀) ကြိမ် ဗုံးကြဲ တိုက်ခိုက်ပြီး ဒရုန်းဖြင့် တိုက်ခိုက်ခြင်း၊ လက်နက်ကြီးဖြင့် တိုက်ခိုက်ခြင်းများလည်း ပြုလုပ်ခံခဲ့ရကြောင်း၊ တိုက်ပွဲများအတွင်း G-3 (၂) လက်၊ Uzi (၁) လက်၊ AK (၁) လက်၊ ကျည်မျိုးစုံ (၁၂၈၇၆) တောင့်၊ ၁၂၀ မမ ဗုံးသီး (၂၈) လုံး၊ ၈၁ မမ ဗုံးသီး (၇) လုံး၊ ၆၀ မမ ဗုံးသီး (၁၄) လုံး၊ ဒရုန်းဗုံးသီးမျိုးစုံ (၁၀၀) လုံး၊ RPG (၁) လုံး၊ မျက်ရည်ယို ဗုံးသီး (၈၃) လုံး၊ 9Volt ကျည် (၇၀၂) တောင့်၊ အီနာဂါဗုံးသီး (၅၁) လုံး၊ နင်းမိုင်း (၃) လုံး၊ တိုက်မိုင်းမျိုးစုံ (၂၀) လုံး၊ ဖိုက်ဘာမိုင်း (၇) လုံး၊ ၉ မမ ကာဘိုင်ကျည် (၁၀) တောင့်၊ ကျည်အိမ်မျိုးစုံ (၂၉) ခုနှင့် အခြားဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထို့အပြင် SNA ဗိုလ် (၁) ဦးအပါ အလောင်း (၇) လောင်းအား ရရှိခဲ့သော်လည်း PDF (၆) ဦး သေသည့်အပြင် အချို့ ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟုလည်း ပြောကာ လက်ရှိတွင် ဗန်းမောက်မြို့ဝန်းကျင်မှ လုံခြုံရေးပူးပေါင်းအဖွဲ့သည် ရွှေချောင်းရွာ၊ ပင်းဟင်းခါးရွာနှင့် သာယာကုန်းရွာတို့တွင် ကာကင်းထိုင်ထားပြီး အများစုမှာ ဗန်းမောက်မြို့နယ် မြောက်ဘက်ခြမ်းရှိ မံကုန်းရွာနှင့် အနောက်တောရွာသို့ ဆုတ်ခွာပူးပေါင်းသွားသည်ဟုလည်း အမှတ် (၁) စစ်ဒေသက ဆိုသည်။
သို့သော် တပ်မတော်နှင့် နီးစပ်သူများကမူ ဗန်းမောက်မြို့ကို NUG နှင့် PDF များ အပြီးသတ် သိမ်းနိုင်ခြင်းမရှိသေးကြောင်း၊ ဗန်းမောက်မြို့သိမ်းတိုက်ပွဲဆင်နွှဲသည်မှာ KIA နှင့် PDF အင်အား ၁၀၀၀ ကျော်ရှိပြီး SNA က အင်အား ၂၀၀ ခန့်သာရှိ၍ ယာယီဆုတ်ခွာရကြောင်း၊ SNA တပ်များ နေရာအချို့မှ ဆုတ်ပေးလိုက်ရချိန် ဗန်းမောက်ပြည်သူများကပါ SNA တပ်နှင့် လိုက်ပါသွား၍ KIA နှင့် PDF များက ဗန်းမောက်မြို့ကို စိတ်ကြိုက်ဖောက်ထွင်း ခိုးယူကာ မီးရှို့ဖျက်ဆီးကြမည်ကို ပူပန်နေကြောင်း ရေးသားဖော်ပြနေသည်။
