၂၂. ၉. ၂၀၂၅
Written by Nyein Kyaw
မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ လုပ်ကိုင်ခွင့်/အသုံးပြုခွင့် လျှောက်ထားသူများ အမှန်တကယ်လုပ်ကိုင်နိုင်သည့် မြေပမာဏကိုသာ လျှောက်ထားပြီး လုပ်ကိုင်နိုင်မှုအရ ထပ်မံတိုးချဲ့လျှောက်ထားနိုင်ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်က ပြောကြားသည်။
စပျစ်သီးနှံစိုက်ပျိုးရန် မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများ လုပ်ပိုင်ခွင့်၊ အသုံးပြုခွင့် လျှောက်ထားလာသောကုမ္ပဏီများမှ တာဝန်ရှိသူများအား တွေ့ဆုံ၍ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးဥပဒေနှင့်အညီ အသုံးပြုလုပ်ကိုင်နိုင်ရေး အသိပေးဆွေးနွေးပွဲတွင် ဒုတိယဝန်ကြီးက ထိုသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများလုပ်ပိုင်ခွင့်၊ အသုံးပြုခွင့် လျှောက်ထားလာသူများအနေဖြင့် မိမိအမှန်တကယ်လုပ်ကိုင်နိုင်သည့် မြေပမာဏကိုသာ အသုံးပြုခွင့်လျှောက်ထားစေလိုကြောင်း၊ သတ်မှတ်ဧရိယာပြည့် အကောင်အထည်ဖော်ပြီးပါက မိမိတို့လုပ်ကိုင်နိုင်မှုအရ ဒုတိယအကြိမ်၊ တတိယအကြိမ် စသဖြင့်တိုးချဲ့လျှောက်ထားနိုင်ကြကြောင်း ဒုတိယဝန်ကြီးက ပြောကြားသည်။
ဥပဒေအရချထားသောမြေများ၌ လုပ်ငန်းအကောင်အထည်ဖော်ရန် လေးနှစ်ခွင့်ပြုထားသော်လည်း စပျစ်သည် စိုက်ပျိုးပြီးသုံးနှစ်အကြာတွင် ဝင်ငွေရရှိနိုင်သောကြောင့် မြေချထားပြီး သုံးနှစ်အတွင်း အပြီးသတ်စိုက်ပျိုးရန် လိုအပ်မည်ဖြစ်ကြောင်း ဒုတိယဝန်ကြီးက ပြောကြားသည်။
စပျစ်သီးနှံစိုက်ပျိုးလုပ်ကိုင်ခြင်းကို အောင်မြင်စွာ ဆောင်ရွက်နိုင်ရန်နှင့် အခက်အခဲများရှိပါက သက်ဆိုင်ရာဦးစီးဌာနများက လုပ်ထုံးလုပ်နည်းများနှင့်အညီ ကူညီဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း၊ နိုင်ငံတော်လိုအပ်ချက်ဖြစ်၍ အောင်မြင်မှုရရှိစေရန် အတိတ်သင်ခန်းစာများရယူ၍ အောင်မြင်အောင်ဆောင်ရွက်သွားရန် လိုအပ်ကြောင်း ဒုတိယဝန်ကြီးက ပြောကြားသည်။
