၂၂.၉.၂၀၂၅
Written By Thandar




၁/၂၀၂၅ သရုပ်ဆောင်သင်တန်းဆင်းကျောင်းသူ ယွန်းသီရိက မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးက တာဝန်ရှိသူတွေ၊ ရုပ်ရှင်သရုပ်ဆောင်သင်တန်းသားတွေနဲ့အတူ Celebration Party ပွဲ အခမ်းအနားကို စက်တင်ဘာ ၂၁ ရက် ညနေပိုင်းက ရန်ကုန်မြို့၊ အလုံမြို့နယ်ရှိ Music K Family KTV မှာ ကျင်းပခဲ့ပါတယ်။
“ဘာပဲပြောပြော သုံးလတာကာလအတွင်းမှာ မြန်မာနိုင်ငံရဲ့ ၁/၂၀၂၅ သင်တန်းဆင်းတစ်ယောက်အနေနဲ့ ရုပ်ရှင်အစည်းအရုံးက နာယကကြီးတွေကအစ သင်တန်းဆရာတွေ၊ အမှူဆောင်တွေ၊ သင်တန်းဆရာတွေအပြင် သင်တန်းက သူငယ်ချင်းမိတ်ဆွေတွေ အပေါ်မှာ ချစ်ခင်မှုပြတဲ့ပွဲလေးတစ်ပွဲလို့ ဦးအောင်ခိုင် မြင်ပါတယ်။ သင်တန်းကာလ သုံးလလုံးကလေးတွေကို ကောင်းကောင်းမွန်မွန်ပြောတာလည်းပါသလို ဆူငေါက်ဆဲဆိုပြောရတာလည်း ပါပါတယ်။ ဒီကလေးတွေအပေါ်ထားတဲ့ အစည်းအရုံးက မေတ္တာတရားပါ။ သင်တန်းဆင်းတစ်ယောက်ဖြစ်ရင် သူတို့ဆီ တစ်ခုခုတော့ ပါသွားမှဖြစ်မှာပါ။ ကလေးတွေ အစစအရာရာ အဆင်ပြေအောင် ရုပ်ရှင်အသိပညာ၊ အတတ်ပညာကို ဘာလဲဆိုတာသိအောင် ကိုယ့်သားသမီးလို ဆိုဆုံးမခဲ့ပါတယ်”လို့ အကယ်ဒမီ အောင်ခိုင်က ပြောပါတယ်။
အဆိုပါ အခမ်းအနားကို မြန်မာနိုင်ငံရုပ်ရှင်အစည်းက ဥက္ကဋ္ဌ ဦးကြည်စိုးထွန်း၊ ဒုတိယ ဥက္ကဋ္ဌ ဦး အေးကြူလေး၊ ဦးအောင်လွင်၊ ဒါရိုက်တာ ဇော်မြင့်ဦး၊ မတူး၊ အောင်ခိုင် စတဲ့ ရုပ်ရှင်အစည်းအရုံးက နာယကကြီးတွေ အမှုဆောင်တွေ အပြင် ၁/၂၀၂၅ ရုပ်ရှင်သရုပ်ဆောင်သင်တန်းကျောင်းမှာ သင်ကြားပေးခဲ့တဲ့ ဆရာတွေဖြစ်တဲ့ ဒါရိုက်တာ မောင်သီ၊ အကယ်ဒမီမောင်မျိုးမင်း(ရင်တွင်းဖြစ်)၊ ဒါရိုက်တာဟိန်းစိုး၊ ဒါရိုက်တာ သီဟကျော်စိုး၊ သရုပ်ဆောင် ထူးသာ စတဲ့သူတွေနဲ့ သင်တန်းသားတွေလည်း တက်ရောက်ခဲ့ကြပါတယ်။
သရုပ်ဆောင်ယွန်းသီရိရဲ့ ပွဲကို ရုပ်ရှင်အစည်းအရုံးက နာယကကြီး ဦးအောင်လွင်၊ ဥက္ကဋ္ဌဦးကြည်စိုးထွန်း၊ ဒါရိုက်တာဟိန်းစိုး၊ ဒါရိုက်တာ မောင်သီ စတဲ့သူတွေကလည်း မုဒိတာစကားတွေပြောကြခဲ့သလို လက်ဆောင်ပေးအပ်ကာ ကျွေးမွေးဧည့်ခံခဲ့ကြပါတယ်။
“ ဒီပွဲကိုတက်ရောက်ပေးတဲ့ လူကြီးမင်းတွေနဲ့ သူငယ်ချင်းတွေအားလုံးကို ကျေးဇူးတင်ပါတယ်။ ဒီပွဲလုပ်ဖြစ်တာကဆရာတွေကို ဂါဝရပြုတာလည်း သူငယ်ချင်းတွေနဲ့ ပြန်တွေ့အောင်၊ ပြန်ဆုံအောင်လို့ပါ။ သင်တန်းတစ်လျှောက်ဆရာတွေကလည်း ကိုယ့်သားသမီးတွေလိုဖြစ်စေချင်တယ်။ ဆူလိုက်ငေါက်လိုက်ဆိုတော့ သုံးလ ဘယ်လိုပြည့်သွားမှန်းကို မသိပါဘူး။ ဆရာတွေကိုလည်း ကျေးဇူးအထူးတင်ပါတယ် ”လို့ သရုပ်ဆောင်ယွန်းသီရိက ပြောပါတယ်။
