၂၂ .၉.၂၀၂၅
Written by Hey Mar
အဝေးပြေး ခရီးသည်တင်ယာဉ်တစ်စီး ဘရိတ်ပေါက်ကာ အိမ်ခြံဝင်းအတွင်း ဝင်တိုးတိုက်မှုကြောင့် ယာဉ်မောင်း ကားအတွင်းညပ်ကာ ဒဏ်ရာရရှိမှု မနေ့က ည ၈ နာရီဝန်းကျင်က မော်လမြိုင်-မုဒုံလမ်းမကြီးရှိ သာယာကုန်တိုးဂိတ်အနီးမှာ ဖြစ်ပွားခဲ့တယ်လို့ ဘိုဘိုဝင်း လူမှုကယ်ဆယ်ရေး အသင်းထံကနေ သိရပါတယ်။





အဆိုပါ ခရီးသယ်တင်ယာဉ်မှာ တိုးဂိတ်ကနေအထွက် ဘရိတ်ပေါက်ကာ ယာဉ်မထိန်းနိုင်ဖြစ်ပြီး ယာဉ်မောင်းက ကားကို ရပ်တန့်နိုင်ဖို့အတွက် တိုးဂိတ်အဝင်လမ်းလယ်အုတ်ခုံတွေကို ဝင်တိုက်ကာ ရပ်တန့်ဖို့ကြိုးစားပေမယ့် ကားမှာ မရပ်တန့်တာကြောင့် လမ်းဘေးကိုထိုးချကာ နေအိမ်အဆောက်အဦတစ်ခုကို ဝင်တိုက်တာလို့ သိရပါတယ်။
” ယာဉ်ပေါ်က ယာဉ်မောင်းပဲ ဒဏ်ရာရခဲ့တာ။ ဒဏ်ရာရသူ တစ်ဦးပါပဲ။ ကားထဲညပ်နေတော့ အောက်ဆီဂျင်ပေးပြီး အချိန် နာရီဝက်နီးပါး ကြာအောင် မြန်မာနိုင်ငံမီးသတ်ဦးဆောင်ပြီး မော်လမြိုင် အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့တွေက ဝိုင်းဝန်းကူညီ ဆွဲထုတ်ခဲ့ရတယ်” လို့ မုဒုံ လူမှုကူညီရေးအဖွဲ့ တာဝန်ရှိသူက ဆိုပါတယ်။
ယာဉ်မောင်းမှာ ဦးခေါင်းထိခိုက်၊ ရင်ဘတ်နာကျင်၊ ခြေထောက်နှစ်ဖက် ညပ်ကာ စုတ်ပြဲ သွေးထွက်ဒဏ်ရာတွေရရှိခဲ့ပေမဲ့ အသက်အန္တရာယ်ကင်းရှင်းစွာ ကယ်ထုတ်နိုင်ခဲ့ပြီး ယာဉ်မောင်းကို အနာဂတ်အရေးပေါ်လူမှုကယ်ဆယ်ရေးအသင်းရဲ့ လူနာတင်ယာဉ်နဲ့ မော်လမြိုင်ဆေးရုံကြီးဆီ ကူညီပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။
