၁၇. ၉. ၂၀၂၅
Translated by Thettant
ထိုင်းနိုင်ငံမြောက်ပိုင်း၊ ဥထိုင်းဌာနီပြည်နယ်မှာ မနေ့က စက်တင်ဘာ ၁၆ ရက် နံနက်ပိုင်းအချိန် မိသားစုတစ်ခုက မွေးထားတဲ့ အိမ်မွေးခွေး ပစ်ဘူးလ်က ကိုက်သတ်ခဲ့တာကြောင့် နှစ်လသားအရွယ်သမီးငယ်တစ်ဦး သေဆုံးခဲ့ရပြီး ရဲတပ်ဖွဲ့က ဒီဖြစ်ရပ်ကို စုံစမ်းစစ်ဆေးနေပါတယ်။
ဒီဖြစ်ရပ်မှာ ခွေးက ကလေးမလေးကို အရုပ်တစ်ခုလို အမှတ်မှားပြီး ကိုက်သတ်လိုက်တာလို့ သတင်းတွေမှာ ဖော်ပြထားသလို မိဘတွေကတော့ သူတို့ရဲ့ နှစ်လအရွယ်သမီးငယ်ကို အိမ်မွေးပစ်ဘူးလ်ခွေးက အရုပ်တစ်ခုလို အမှတ်မှားပြီး ကိုက်သတ်ခဲ့တာကြောင့် ဝမ်းနည်းပူဆွေးကြေကွဲနေကြရပါတယ်။
ဖြစ်ရပ်နဲ့ ပတ်သက်ပြီး ဥထိုင်းဌာနီပြည်နယ်၊ နွန်ချန်းခရိုင်ရဲတပ်ဖွဲ့က ဒဏ်ရာပြင်းထန်တဲ့ ကလေးငယ်ကို ဆေးရုံကို အလျင်အမြန်ပို့ဆောင်ခဲ့ပေမဲ့ ရောက်တာနဲ့ သိပ်မကြာခင်မှာပဲ သေဆုံးသွားကြောင်း စက်တင်ဘာလ ၁၆ ရက်နေ့ မွန်းလွဲ ၂ နာရီ မိနစ် ၄၀ လောက်မှာ အတည်ပြုပေးခဲ့ပါတယ်။
ရဲမှူး ဖတ် ကမ်ဖန်း ယုယော့ဦးဆောင်တဲ့ ရဲအရာရှိတွေဟာ အခင်းဖြစ်ပွားခဲ့တဲ့ သောင်ဖိုမြို့နယ်ခွဲ၊ ဘန်ရွန်ဆီမိုင်ရပ်ကွက်က နေအိမ်ကို သွားရောက်စစ်ဆေးခဲ့ပါတယ်။ ဒီလို စစ်ဆေးချိန်မှာ ကားဂိုဒေါင်ကနေ ရေမြောင်းအထိ ၆ မီတာရှည်လျားတဲ့ သွေးစွန်းရာတွေနဲ့ ဆွဲရာတွေကို တွေ့ရှိခဲ့ရပါတယ်။ အနီးနားမှာ ကလေးတွန်းလှည်းတစ်ခုကိုလည်း သွေးစွန်းနေတဲ့ အရုပ်သုံးခုနဲ့အတူ တွေ့ရှိခဲ့ပါတယ်။ ရဲတွေရောက်တဲ့အချိန်မှာ Big လို့ခေါ်တဲ့ အသက် ၂ နှစ်အရွယ် ပစ်ဘူးလ်ခွေးက အိမ်ထဲမှာ လှည့်လည်သွားလာနေတာကို တွေ့ရှိရတာကြောင့် ရဲအရာရှိတွေဟာ စုံစမ်းစစ်ဆေးမှု မစခင်မှာ ခွေးပိုင်ရှင်ကို ခွေးကို ချုပ်နှောင်ထားဖို့ တောင်းဆိုခဲ့ပါတယ်။
ဒီတိုက်ခိုက်မှုကို မြင်တွေ့ခဲ့ရတဲ့ ခွေးပိုင်ရှင်က ဖြစ်စဉ်ကို ပြောပြရာမှာ ပလုံကောက် ပစ္စည်းအဟောင်းတွေ လိုက်ဝယ်တဲ့ ဒူဆစ်ဆလီးနဲ့ သူ့ဇနီး ကန်သီမာ အာနန်ထရက်တို့ဟာ ကလေးငယ်ကိုခေါ်လာပြီး စွန့်ပစ်ပစ္စည်းတွေ ထုပ်ပိုးနေခဲ့ကြောင်း၊ မိဘတွေ အလုပ်လုပ်နေချိန်မှာ ကလေးငယ်ကို ကားဂိုဒေါင်ထဲက ကလေးတွန်းလှည်းပေါ်မှာ ထားခဲ့တာဖြစ်ကြောင်းနဲ့ အဲဒီအချိန်မှာ ခွေးက ကလေးကို ကိုက်ချီပြေးကာ ကိုက်သတ်လိုက်တာဖြစ်ကြောင်း ရှင်းပြခဲ့ပါတယ်။
“Big က ကလေးတွန်းလှည်းနားကို အနံ့ခံပြီး ရောက်လာတယ်။ ကလေး အော်လိုက်တဲ့အချိန်မှာ Big က ကလေးကို ရုတ်တရက်ဆွဲပြီး ရေမြောင်းထဲကို သယ်သွားတယ်။ ခွေးက ကလေးကို အရုပ်လို့ ထင်သွားပုံရတယ်” လို့ ခွေးပိုင်ရှင်က ပြောခဲ့ပါတယ်။
Thairath သတင်းဌာနရဲ့ ဖော်ပြချက်အရ ဖခင်ဖြစ်သူ ဒူဆစ်ဟာ ခွေးနောက်ကို ပြေးလိုက်သွားပြီး သူ့သမီးကို ဆွဲယူကယ်တင်ကာ ဆေးရုံကို အမြန်ပို့ဆောင်ခဲ့ပါတယ်။ ဒါပေမဲ့ ဆရာဝန်တွေကတော့ ကလေးငယ်ကို မကယ်တင်နိုင်ခဲ့ပါဘူး။
ရဲတပ်ဖွဲ့က အခင်းဖြစ်ပွားရာနေရာကို မှတ်တမ်းတင်ခဲ့ပြီး ဥပဒေအရ အရေးယူဆောင်ရွက်သွားမယ်လို့ အတည်ပြုပြောကြားခဲ့ပါတယ်။ လုံခြုံရေးအရ Big ကို ခွေးပိုင်ရှင်ရဲ့ ဂရုစိုက်မှုအောက်မှာပဲ ထိန်းချုပ်ထားခဲ့ရပါတယ်။
အိမ်နီးချင်းတွေကတော့ ဒီဖြစ်ရပ်ကို အလွန်စိတ်ထိခိုက်စရာကောင်းတယ်လို့ ဖော်ပြခဲ့ပြီး၊ ဝမ်းနည်းကြေကွဲနေတဲ့ မိဘတွေဟာလည်း သူတို့ရဲ့သမီးငယ်လေး ဆုံးရှုံးသွားတဲ့အတွက် နှစ်သိမ့်လို့မရနိုင်အောင် ဖြစ်နေကြတယ်လို့ ဆိုပါတယ်။
Ref, The Thaiger



