၈. ၂. ၂၀၂၃
Written by Ye Kyaw
ပြည်တွင်းရှိ စက္ကူစက်ရုံများ ပြန်လည် လည်ပတ်နိုင်ရေး ဆောင်ရွက်နေသဖြင့် စက္ကူလိုအပ်ချက်များအတွက် ပြည်ပမှတင်သွင်းနေရသည့် နိုင်ငံခြားငွေအသုံးပြုမှုကို လျှော့ချနိုင်မည်ဖြစ်ပြီး အလုပ်အကိုင်အခွင့်အလမ်းများ ရရှိလာမည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC)ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားသည်။
ဖေဖော်ဝါရီ ၇ ရက်တွင် ဧရာဝတီတိုင်းဒေသကြီး၊ သာပေါင်းမြို့နယ်အတွင်းရှိ စက်မှုဝန်ကြီးဌာန၊ အဆင့်မြင့်စက္ကူစက်ရုံ (သာပေါင်း)နှင့် သတင်းစာစက္ကူစက်ရုံ (သာပေါင်း)တို့အား သွားရောက်စစ်ဆေးစဉ် အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
ပြည်တွင်းအတွက် နေ့စဉ်အသုံးပြုနေရသည့် ရုံးသုံး၊ ကျောင်းသုံး၊ သတင်းစာ စသည့် စက္ကူလိုအပ်ချက်များကို လက်ရှိတွင် ပြည်ပမှတင်သွင်းအသုံးပြုနေရသည့် အခြေအနေဖြစ်သော်လည်း ရပ်နားထားသည့် စက္ကူစက်ရုံများ ပြန်လည် လည်ပတ်နိုင်ပြီဆိုပါက ပြည်ပမှတင်သွင်းမှုများကို လျှော့ချနိုင်မည်ဖြစ်သည်။
စက္ကူ လိုအပ်ချက်များအတွက် ပြည်ပမှတင်သွင်းနေရသည့် နိုင်ငံခြားငွေ အသုံးပြုမှုကိုလည်း လျှော့ချနိုင်မည်ဖြစ်ပြီး အလုပ်အကိုင်အခွင့်အလမ်းများစွာကိုလည်း ပြန်လည်ဖော်ဆောင်ပေးနိုင်မည်ဖြစ်ကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။
စက္ကူစက်ရုံများ ပြန်လည်လည်ပတ်နိုင်ရေး ကုန်ကြမ်းလိုအပ်ချက်ဖြစ်သည့် သစ်တောစိုက်ခင်း၊ ဝါးစိုက်ခင်းများကိုလည်း စိုက်ပျိုးသွားမည်ဖြစ်ပြီး ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့တွင်လည်း ပျော့ဖတ်များကို ထုတ်လုပ်၍ ရနိုင်မည်ဖြစ်သည်။
စက္ကူ စက်ရုံများ ပြန်လည်ပတ်နိုင်ရေး ဆောင်ရွက်နေခြင်းက နိုင်ငံတော်၏ အမျိုးသားအကျိုးစီးပွားအတွက် ဆောင်ရွက်နေခြင်းဖြစ်သဖြင့် စက်ရုံများ အမြန်ဆုံးပြန်လည် လည်ပတ်နိုင်ရေးအတွက် ဆောင်ရွက်သွားရန်လိုအပ်ကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။
