ဓာတ်ပုံ - Prime Automotive Myanmar (Earth Renewable Energy Co.,Ltd.)
၈. ၂. ၂၀၂၃
Written by Ye Kyaw
မြန်မာနိုင်ငံသို့ တရုတ်နိုင်ငံမှ တင်သွင်းသည့် လျှပ်စစ်သုံးမော်တော်ယာဉ်များအတွက် အားသွင်းစက်များ ပထမဆုံးအကြိမ် ရောက်ရှိလာခဲ့ကြောင်း အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးဆောင်ကော်မတီက ဖေဖော်ဝါရီ ၇ ရက်တွင် ထုတ်ပြန်ထားသည်။
Earth Renewable Energy ကုမ္ပဏီအနေဖြင့် တရုတ်နိုင်ငံမှ တင်သွင်းလာသည့် EV Charger 60 kW ငါးစုံနှင့် 200 kW နှစ်စုံ စုစုပေါင်းခုနစ်စုံ စတင်ရောက်ရှိလာခြင်းဖြစ်ပြီး ဖေဖော်ဝါရီ ၇ ရက်တွင် MITT ဆိပ်ကမ်း၌ အကောက်ခွန်ဦးစီးဌာနမှ စစ်ဆေးရေးအဖွဲ့ဖြင့် သွင်းကုန်လိုင်စင်၊ သွင်းကုန်ကြေညာလွှာပါ အချက်အလက်များနှင့် ကိုက်ညီမှန်ကန်မှု ရှိ/မရှိ တိုက်ဆိုင်စစ်ဆေးခဲ့ပြီးဖြစ်သည်။
ယခုတင်သွင်းလာသည့် EV Charger များအတွက် ရန်ကုန်-မန္တလေးအမြန်လမ်းပေါ်ရှိ အမှတ်(၃) တိုးဂိတ်၊ ဖြူး ယာဉ်ရပ်နားစခန်း၊ နေပြည်တော်လမ်းဆုံ ယာဉ်ရပ်နားစခန်းတို့တွင် Charging Station များ တည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။
နေပြည်တော်၊ ရန်ကုန်မြို့နှင့် ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးအပေါ်ရှိ စက်သုံးဆီအရောင်းဆိုင် ၃၈ ဆိုင်တွင် လျှပ်စစ်ကားများအတွက် Charger များတပ်ဆင်ဆင်ရန် ခွင့်ပြုထားပြီးဖြစ်ကြောင်းလည်း စွမ်းအင်ဝန်ကြီးဌာနက ဇန်နဝါရီ ၂၄ ရက်တွင် ထုတ်ပြန်ထားပြီးဖြစ်သည်။
လက်ရှိတွင် လျှပ်စစ်ကားအရေအတွက် ၄၀ စီးကို ပထမဦးဆုံးအကြိမ် တင်သွင်းထားပြီး ယင်းအနက် လျှပ်စစ်ကား ၂၀ စီးအား ရန်ကုန်လေဆိပ်နှင့် နေပြည်တော် သပြေကုန်ဈေးတို့၌ အခြေပြု၍ တက္ကစီများပြေးဆွဲသွားမည်ဖြစ်ကြောင်း အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။



