၈. ၂. ၂၀၂၃
Written By Thandar
ဗီဒီယိုသရုပ်ဆောင်ဖြစ်တဲ့ ကေကေမိုးမြင့် အသက် ၄၀နှစ်ကတော့ ဖေဖော်ဝါရီ ၇ ရက် ည ၉နာရီ ၂၅ မိနစ်က အစာအိမ်ကင်ဆာရောဂါနဲ့ ကွယ်လွန်ခဲ့တာဖြစ်ပါတယ်။
“ကေကေမိုးမြင့်ကတော့ မနေ့က ညပိုင်းက ကွယ်လွန်သွားခဲ့တာပါ။ ကွယ်လွန်ချိန်ကတော့ မနေ့က ည ၉နာရီ ၂၅ မိနစ်က ကင်ဆာရောဂါနဲ့ ကွယ်လွန်ခဲ့တာပါ”လို့ ဇာတ်ပို့ ဇာတ်ရံအလွှာ ဥက္ကဋ္ဌ ဦးဝင်းမြိုင်က MT News Entertainment ကိုပြောပါတယ်။
ကေကေမိုးမြင့်ကတော့ ဗဟန်းမြို့နယ် ဝင်္ဂဘာလမ်းရှိ အင်ကြင်းမြိုင်အိမ်ရာမှာ နေထိုင်ပြီး သူမရဲ့ ဈာပန အခမ်းအနားကို ဖေဖော်ဝါရီ ၉ ရက်မှာ ရန်ကုန်မြို့ ရေဝေးသုဿာန်မှာ ပြုလုပ်သွားမှာဖြစ်ပါတယ်။
သူမက မြန်မာ ဗီဒီယိုဇာတ်ကားများစွာကို ရိုက်ကူးခဲ့ပြီး ခေါင်းဆောင်မင်းသမီးနေရာအပါအဝင် ကျရာဇာတ်ရုပ်တွေကို ပီပီပြင်ပြင် သရုပ်ဆောင်နိုင်သူလည်းဖြစ်ပါတယ်။ သရုပ်ဆောင်ပိုင်းအပြင် အဆိုတော် တစ်ဦး အနေနဲ့ ပရိသတ်တွေ အားပေးခဲ့သူ ကေကေမိုးမြင့် ကွယ်လွန်သွားတဲ့အပေါ် အနုပညာအသိုင်းအဝိုင်းက အနုပညာရှင်တွေကလည်း လူမှုကွန်ရက်စာမျက်နှာမှာ ဝမ်းနည်းစကားဆိုထားကြပါတယ်။
သူမကတော့ ပိန်ဆေးတွေကို အလွန်အကျွံ သုံးစွဲသောက်မိရာကနေ အစာအိမ်ကင်ဆာဝေဒနာကို ခံစားခဲ့ရသူဖြစ်ပြီး ၂၀၁၈ခုနှစ်ကလည်း ရောဂါကြောင့် ဗိုက်ခွဲစိတ်မှုလည်း ပြုလုပ်ပြီး ခီမို သွင်းခဲ့ရပါတယ်။ အစာအိမ်ကင်ဆာရောဂါဝေဒနာကို လေးနှစ် ကျော်ကြာ ခံစားခဲ့ရပြီး ခီမို အကြိမ် ၄၀ ကျော်သွင်းကာကုသမှုခံယူနေရစဉ် သရုပ်ဆောင်အလုပ်တွေ ခေတ္တနားတဲ့အချိန် မှာတော့ ရှေ့နေတစ်ယောက်လည်းဖြစ်တဲ့ သူမက အိမ်ခြံမြေ အကျိုးဆောင်ရှေ့နေအဖြစ် လူသိများခဲ့တာလည်းဖြစ်ပါတယ်။
