သက်တန့်
၁၆. ၉. ၂၀၂၅
ထိုင်းနိုင်ငံ၊ ကန်ချနဘူရိပြည်နယ်၊ သောင်းဖာဖုမ်မြို့နယ်က ထိုင်းလုံခြုံရေးအရာရှိတွေဟာ မြန်မာနိုင်ငံက တရားမဝင် ရွှေ့ပြောင်းနေထိုင်သူတွေကို နေ့စဉ်နဲ့အမျှ ဖမ်းဆီးနေရပြီး ဒီနေ့လည်းရန်ကုန်ကလာပြီး တောလမ်းအတိုင်း ခိုးဝင်တဲ့ ၂ နှစ်သား ကလေးငယ်အပါအဝင် မြန်မာနိုင်ငံသား ၅၃ ဦးကို ဖမ်းမိအပြီးမှာ နောက်ထပ် မြန်မာနိုင်ငံသား ၁၁၃ ဦးကို ထပ်မံ ဖမ်းမိခဲ့ပြန်ပါတယ်။

ဖြစ်စဉ်က ဒီနေ့ စက်တင်ဘာလ ၁၆ ရက်၊ အင်္ဂါနေ့ နံနက်ပိုင်းမှာ ယာဉ်လေးစီးနဲ့ စံခလဘူရိမြို့နယ်ဘက်ကနေ ခိုးဝင်လာတဲ့ မြန်မာနိုင်ငံသား ၅၃ ဦးကို ကနဦး ဖမ်းမိခဲ့တာဖြစ်ပြီး ဒီအထဲမှာ မိခင်နဲ့အတူ ပါလာတဲ့ ၂ နှစ်အရွယ် ကလေးငယ်တစ်ဦး၊ အမျိုးသား ၃၁ ဦးနဲ့ အမျိုးသမီး ၂၁ ဦး ပါဝင်ကာ ဒရိုင်ဘာတွေနဲ့ ယာဉ်တစ်စီးကတော့ လွတ်မြောက်သွားခဲ့တာပါ။ အဲဒီ တရားမဝင် ဝင်ရောက်လာသူ ၅၃ ဦးကို ဖမ်းဆီးပြီးချိန်မှာ တရားမဝင်ရွှေ့ပြောင်းအလုပ်သမား အများအပြားကို ခိုးသွင်းနေတဲ့ မှောင်ခိုဂိုဏ်းအကြောင်း သတင်းရရှိတာနဲ့ နယ်စပ်ဒေသဖြစ်တဲ့ စံခလဘူရီမြို့နယ်က လုံခြုံရေးအရာရှိတွေကိုလည်း ကင်းလှည့်စစ်ဆေးမှုတွေ တင်းတင်းကျပ်ကျပ် လုပ်ဖို့၊ ဘန်ဖရာချေဒီဆမ်အုန် (Ban Phra Chedi Sam Ong) နဲ့ ဘန်ဆောင်ကာရီယာ (Ban Songkaria) ရွာကြားက တောလမ်းကြောင်းတွေကနေ ဝင်ရောက်နေတာကို နှစ်ဆ တိုးမြှင့်စစ်ဆေးဖို့ အမိန့်ပေးခဲ့ပါတယ်။ ဒီလမ်းကြောင်းတွေက မြန်မာနိုင်ငံ၊ ဘုရားသုံးဆူနဲ့ ထိုင်းနယ်စပ်မှာ တည်ရှိပါတယ်။ အဲဒီနောက် ထိုင်းလုံခြုံရေးအရာရှိတွေက ဒီနေ့မနက် ဖမ်းမိသူ ၅၃ ဦးနဲ့ ကား ၃ စီးကို သက်သေခံပစ္စည်းအဖြစ် သိမ်းဆည်းခဲ့ပြီးနောက် တရားခံတွေကို သောင်းဖာဖုမ်ရဲစခန်းကို ခေါ်ဆောင်သွားတုန်းမှာ သတင်းတစ်ခု ထပ်မံရခဲ့ပါတယ်။

အဲဒါကတော့ တရားမဝင်ရွှေ့ပြောင်းအလုပ်သမားအများအပြားကို တင်ဆောင်လာတဲ့ ဗင်ကားသုံးစီးဟာ သောင်းဖာဖုမ်မြို့နယ်ကို ဝင်ရောက်လာပြီး ခရိုင်အတွင်းပိုင်းကို ဦးတည်နေတယ်လို့ သတင်းရတာပါ။ သတင်းရတာနဲ့ သောင်းဖာဖုမ်မြို့နယ်အုပ်ချုပ်ရေးမှူး မစ္စတာ ချကရစ် တန်ပီရွန်က ဒုမြို့နယ်အုပ်ချုပ်ရေးမှူး မစ္စတာ ဝမ်လော့ ချင်ဒါနဲ့ မြို့နယ်အုပ်ချုပ်ရေးရဲ့ အထူးစစ်ဆင်ရေးအဖွဲ့ဝင်တွေ၊ သောင်းဖာဖုမ် နယ်မြေခံ ကာကွယ်ရေးတပ်ဖွဲ့ အမှတ် (၉) တို့ကို အဲဒီ ဗင်ကားသုံးစီးနောက် လိုက်လံဖမ်းဆီးဖို့ ညွှန်ကြားခဲ့ပါတယ်။
အဲဒီမှာ လူမှောင်ခိုတင်လာတဲ့ ဗင်ကားတွေက စံခလဘူရီမြို့နယ်ဘက်ကနေ မောင်းနှင်လာပြီး ကန်ချနဘူရီမြို့ဘက်ကို ဦးတည်လာတာ တွေ့ရှိလို့ အရာရှိတွေက ရပ်တန့်စစ်ဆေးဖို့ အချက်ပြခဲ့ပါတယ်။ ဒါပေမဲ့ ယာဉ်မောင်းတွေက အရာရှိတွေကို မြင်တော့ အရှိန်မြှင့် မောင်းပြေးပါတယ်။ အရာရှိတွေကလည်း နီးနီးကပ်ကပ် လိုက်လံဖမ်းဆီးခဲ့ပါတယ်။ နောက်ဆုံး ထာခနွန် ဘုန်းကြီးကျောင်းရှေ့ကို ရောက်တော့ ဗင်ကားနှစ်စီးက ရွာထဲက ခြံဝင်းတစ်ခုထဲကို ကွေ့ဝင်ပြီး ထွက်ပြေးသွားပါတယ်။ တတိယကားကတော့ လမ်းဘေးမှာ ရပ်သွားပြီး ယာဉ်မောင်းက ကားကိုထားခဲ့ပြီး ထွက်ပြေးသွားပါတယ်။ ကားထဲမှာတော့ ရွှေ့ပြောင်းအလုပ်သမားတွေ ပြွတ်သိပ်ပြီး ပါလာတာ တွေ့ရပါတယ်။

လုံခြုံရေးတပ်ဖွဲ့ရဲ့တစ်စိတ်တစ်ပိုင်းက တောထဲကို ထွက်ပြေးသွားတဲ့ ဗင်ကားတွေကို လိုက်လံဖမ်းဆီးခဲ့ရာမှာ ယာဉ်မောင်းတွေကို ဖမ်းမိခဲ့ပါတယ်။ လိုက်ပါလာတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေကတော့ သူတို့ရဲ့အိတ်တွေကို လမ်းတစ်လျှောက် ပစ်ချခဲ့ပြီး လမ်းခွဲ ပြေးခဲ့ကြပါတယ်။ ဒါပေမဲ့လည်း နောက်ဆုံးမှာတော့ အရာရှိတွေက သူတို့အားလုံးကို ဝိုင်းပြီး ဖမ်းဆီးနိုင်ခဲ့ပါတယ်။ အားလုံးကို စုစည်းပြီး စစ်ဆေးရေတွက်ကြည့်တော့ စုစုပေါင်း လူ ၁၁၃ ဦး တွေ့ရပြီး အမျိုးသား ၇၃ ဦး၊ အမျိုးသမီး ၃၈ ဦးနဲ့ ကလေး ၂ ဦး ပါဝင်ပါတယ်။
ဖမ်းဆီးရမိတဲ့ ယာဉ်မောင်းနှစ်ဦးကတော့ ယာသောထွန်ပြည်နယ်၊ ဖာတျူမြို့နယ်က အသက် ၄၈ နှစ်အရွယ် မစ္စတာ ဆူတီနဲ့ ဥဘွန်ရတ်ချထာနီပြည်နယ်၊ တရာကန်ဖူအေဖွန်မြို့နယ်က အသက် ၄၀ အရွယ် မစ္စတာ ဆူရာချိုင်း တို့ ဖြစ်ပါတယ်။ ဗင်ကား ၃ စီးကိုလည်း သိမ်းဆည်းရမိခဲ့ပါတယ်။
အစပိုင်းစစ်ဆေးချက်တွေအရ ရွှေ့ပြောင်းအလုပ်သမားတွေဟာ ထိုင်းနိုင်ငံထဲကို တရားမဝင်ဝင်ရောက်ခဲ့ပြီး ပြည်တွင်းမှာ အလုပ်လုပ်ဖို့ ရည်ရွယ်ခဲ့ကြတာပါ။ ခရီးစဥ်အတွက် ပွဲစားတွေကို လူတစ်ဦး ဘတ် ၁၅,၀၀၀ ကနေ ၂၀,၀၀၀ ပေးခဲ့ပေမဲ့ မူလသွားမယ့်နေရာကို မရောက်ခင် ဖမ်းဆီးခံလိုက်ရတာလို့ ပြောပါတယ်။
တရားခံတွေက အပြစ်ကို ဝန်ခံပြီးနောက် အရာရှိတွေက ထိုင်းနိုင်ငံထဲကို ခွင့်ပြုချက်မရှိဘဲ ဝင်ရောက်နေထိုင်မှုနဲ့ တရားစွဲဆိုဖို့ သောင်းဖာဖုမ်ရဲစခန်းကို လွှဲပြောင်းပေးခဲ့ပါတယ်။ ဖမ်းဆီးရမိတဲ့ ထိုင်းလူမျိုးတရားခံ မစ္စတာ ဆူတီနဲ့ မစ္စတာ ဆူရာချိုင်း တို့ကိုတော့ “ဥပဒေနဲ့အညီ ဝင်ရောက်လာခြင်းမရှိတဲ့ နိုင်ငံခြားသားတွေကို ဖမ်းဆီးခြင်းမှ လွတ်မြောက်အောင် အကူအညီပေးခြင်း၊ ဖုံးကွယ်ထားခြင်း သို့မဟုတ် အခြားနည်းလမ်းတစ်ခုခုနဲ့ ကူညီခြင်း” ဆိုတဲ့ ပုဒ်မနဲ့ တရားစွဲဆိုထားပါတယ်။
